အားလုံးကောင်းစေချင်တဲ့တိုင်းပြည်အဆိုးတွေနဲ့ဘာလို့ကြုံနေရလဲ


တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအနေနဲ့ သူတို့လိုချင်တဲ့ တောင်းဆိုချက်များကိုမရရှိပဲ လက်နက်မစွန့်လို၊ မစွန့်နိုင်၊ နယ်ခြားစောင့်တပ်များအဖြစ်အသွင်မပြောင်းနိုင်ဘူးလို့ ယေဘုယျယူဆရပါတယ်။ ဒီနိုင်ငံရေးတောင်းဆိုချက်များအတိုင်းဆွဲကိုင်တိုက်ပွဲဝင်လာခဲ့ရာမှာ၊ ၎င်းတို့ကိုယ်စားပြုသောလူမျိုးများ အဖက်ဖက်က ဒုက္ခရောက်ကြပြီး၊ အဆုံးသတ်အနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ ဘဝဖွံ့ဖြိုးတိုးတက်ရေးများအပါဝင်၊ သက်ဆိုင်ရာတိုင်းရင်းသားယဉ်ကျေးမှုများ၊ စာပေအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းရိုးရာအစဉ်အလာများမှာ ပျောက်ဆုံးလုနီးပါးဖြစ်လာနေပါတယ်။ တိုက်ပွဲဝင်မှုနှစ်ကြာလာတာနဲ့အမျှ နယ်မြေဒေသဆုံးရှုံးမှု၊ လူဦးရေဆုံးရှုံးမှုများကလည်း မျက်မြင်ဖြစ်ပါတယ်။ ဒီအခြေနေတစ်ရပ်လုံးဟာ တိုင်းပြည်ကို တစ်ခုလုံးအနေနဲ့လည်း ရိုက်ခတ်မှုရှိပြီး၊ နိုင်ငံရဲ့ လူသားအရင်းအမြစ်၊ သဘာဝသံယံဇာတအရင်းအမြစ်များ အချည်းနှီးကုန်ဆုံးကာ၊ ပြည်ပအင်အားကြီးနိုင်ငံများရဲ့ စွက်ဖက်ခြင်းကိုလည်းခံရပါတယ်။ ဒီအခင်းအကျင်းအခြေနေကို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက နေ့စဉ်တိုင်းရင်းသားပြည်သူလူထုများရဲ့ ဘဝအတွက် လက်တွေ့ ကျမှုရှိတယ်လို့ မြင်နေပါသလား။ အခြားဒီထက်ကောင်းတဲ့ ရွေးချယ်မှုတွေမရှိနိုင်တော့ဘူးလား။

မျက်မှောက်ပင်မနိုင်ငံရေးရေစီးကြောင်းအရ၊ နိုင်ငံရေးသမားအများစုက တိုင်းပြည်နိုင်ငံရေးမှာ စစ်တပ်မပါဝင်တော့ရင် အစစအရာအရာ အုံဖွ မန်းမှုတ်လိုက်သလို၊ နိုင်ငံရဲ့ပြဿနာအရပ်ရပ်ဟာ ပြေလည်သွားပြီး၊ အားလုံးလိုချင်မျှော်လင့်နေကြတဲ့ နိုင်ငံရေး နိဗ္ဗာန်ဘုံကြီး Utopia တစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပြောဆို ဗျုဟာခင်း တိုက်ပွဲဝင်နေကြတာဟာ နေ့စဉ်တိုင်းရင်းသားပြည်သူလူထုကြီးအတွက် ဘယ်လောက်လက်တွေ့ကျမှုရှိပါသလဲ။

ဒီနေ့တိုင်းပြည်မှာ ဖြစ်ပျက်နေသမျှ ဆိုးကျိုးအဝဝဟာ စစ်တပ်ကြောင့်ဆိုတဲ့ အမြင်အထင်ဟာ ဘယ်လောက်ကြောင်းကျိုးယုတ္တိမှုရှိပြီး၊ ဒီအမြင်အတွေးအခေါ်နှင့် ရှေ့ဆက် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မှာလား။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများအတွက် ဘယ်လိုအခက်အခဲအတားအဆီးမျိုးဖြစ်နေပါသလဲ။ ၂၀၁၅-၂၀၂၀ လွှတ်တော်သက်တမ်းမှာ၊ NLD ပါတီ အစိုးရရဲ့ တိုင်းပြည်အကျိုးပြု ဥပဒေအဆိုတင်သွင်းမှုများ၊ ပြဌာန်းချက်များကို တပ်မတော်မှ ဖျက်လိုဖျက်ဆီး တားဆီးပိတ်ပင်မှုတွေကို ၂၀၀၈ ဥပဒေကိုအသုံးပြုပြီး လုပ်ဆောင်မှုတွေရှိခဲ့ပါသလား။

နှစ်ပေါင်း ၃၀ဆယ်ကြာ စစ်အာဏာရှင်စံနစ်ပြုတ်ကျရေး၊ ဒီမိုကရေစီနဲ့လူ့အခွင့်ရေးရရှိရေး၊ ပြည်တွင်းစစ်ရပ်စဲရေး (ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး)၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းတည်ဆောက်ရေးခေါင်းစဉ်အောက်မှာ၊ တိုင်းပြည်ကို အဖက်ဖက်ကပိတ်ဆို့မှုတွေကို ပြုလုပ်ခဲ့တဲ့ နောက်ဆက်တွဲအဖြစ်၊ စစ်ဗိုလ်ချုပ်များနှင့် စစ်ခရိုနီလူတန်းစားတစ်ရပ်ပေါ်ပေါက်လာကာ ကြီးကြီးတတ်ချမ်းသာသွားကြပေမယ့်၊ တိုင်းပြည်တစ်ခုလုံးကတော့ (အမျိုး ဘာသာ သာသနာ ပျောက်ဆုံးလုနီးပါး၊ နိုင်ငံချစ်စိတ်၊ နိုင်ငံကိုသစ္စာစောင့်သိလိုစိတ်များ ပျောက်ဆုံးကာ) ဆင်းရဲမွဲတေချွတ်ခြုံကျသွားခဲ့ပြီး၊ နိုင်ငံရေးထွက်ပေါက်ပိတ်နေခဲ့တဲ့အတွက်၊ ၂၀၁၀မှာ ၂၀၀၈ ခြေဥအောက်ကနေ နိုင်ငံကိုပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တဲ့အတွက်၊ နေ့စဉ်တိုင်းရင်းသားပြည်သူလူထုအနေနဲ့ အဖက်ဖက်မှ အများကြီးသက်သာရာရခဲ့ပြီး မျှော်လင့်ချက်ရောင်ခြည်များလည်းသန်းခဲ့ကြပေမယ့်၊ အခုတခါ ထွက်ပေါက်မဲ့တဲ့ နိုင်ငံရေးလမ်းကြောင်းကို NLD ပါတီအပါဝင်၊ ကွန်မြူနစ်ပျက်၊ လစ်ဘရယ်ပျက်နိုင်ငံရေးအင်အားစုများက ရွေးချယ်ခဲ့ကြပြန်ပါပြီ။ နေ့စဉ်တိုင်းရင်းသားပြည်သူလူထုအနေနဲ့ လက်တွေ့ကျတဲ့ ရွေးချယ်မှုလို့ယူဆပါသလား။

စစ်တပ်ဟာ နိုင်ငံမှာရှိတဲ့ အစုအဖွဲ့အသီးသီးပါဝင်နိုင်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တံခါးဖွင့်ပေးခဲ့ပါသလား။ 

NLD ပါတီအနေနဲ့ ၂၀၁၅-၂၀၂၀ အစိုးရသက်တမ်းကာလမှာ၊ စစ်ဖက်အရပ်ဖက်ဆက်ဆံရေးပိုမိုကောင်းမွန်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများအပါအဝင် နိုင်ငံရေးအင်အားစုအသီးသီးကို ပိုမိုညီညွတ်အားကောင်းအောင်လုပ်ဆောင်မှု ပျက်ကွက်ခဲ့ပြီး၊ နိုင်ငံနဲ့ လူမျိုး အကျိုးစီးပွားပျက်စီးစေသော ဥပဒေများ၊ ဆောင်ရွက်ချက်များကို ဘာကြောင့်လုပ်ဆောင်ခဲ့ရပါသလဲ။

အနာဂတ်မြန်မာနိုင်ငံရေးမှာ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်ပေးခြင်းအားဖြင့်၊ နိုင်ငံအကောင်းဘက်ကိုရွေ့လျားသွားမလား၊ အဆိုးဘက်ကိုသာရွေ့လျားသွားမလား။

KIA ဝ အပါဝင် တချို့လက်နက်ကိုင်အဖွဲ့များဟာ ညောင် ၂ပင်ညီလာခံကို တတ်ရောက်ခဲ့ကြပြီး၊ ၂၀၀၈ ခြေဥကို ပါဝင်ရေးဆွဲခဲ့ကြလို့၊ ဒီကာလအတောအတွင်းမှာ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ကာ၊ ၎င်းတို့ရဲ့ ဒေသလူမျိုးများရဲ့ စားဝတ်နေရေး၊ ငြိမ်းချမ်းရေးကို အခြေခံကျကျလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၀ နိုင်ငံရေးပြုပြင်မှုလမ်းကြောင်းမှာ နယ်ခြားစောင့်တပ်များပြောင်းလဲဖွဲ့စည်းဖို့လက်မခံနိုင်တဲ့အတွက်၊ အပစ်အခတ်ရပ်ဆဲထားမှုများ ကျိုးပေါက်ကာ၊ ၎င်းတို့တိုင်းရင်းသားပြည်သူများလည်း တဖန်ပြန် ပြေးကြလွှားကြ၊ သေကြေပျက်စီးကြကာ၊ ဒုက္ခရောက်ကြ��ြန်ပါတယ်။ နေ့စဉ်တိုင်းရင်းသားပြည်သူများအနေနဲ့ မိမိတို့ကိုကိုယ်စားပြုပါတယ်ဆိုတဲ့ ဒီလက်နက်ကိုင်အဖွဲ့များကို ဘာများပြောချင်ပါသလဲ။