မှတ်ကျောက်တင်ခံရတဲ့ပွဲတွေ ဖြတ်ဘူးပြီးမှပဲ လူတယောက်ကို ဆုံးဖြတ်လို့ရမယ်။

ကျွန်တော်ကတော့ ဘယ်ဘုရားမှ မကိုးကွယ်ဘူး" ရတာပဲ။ မကိုးကွယ်ပါနဲ့။ ကိုယ့်ရွေးချယ်ခွင့်ပဲလေ။

ကျွန်တော်တို့ ငယ်ငယ်ကလဲ ကွန်မြူနစ်စာအုပ်တွေဖတ် ဘာသာမဲ့လိုလို ဖြစ်ခဲ့တာပဲ။ ကျောင်းတက်ခါစ၊ ကိုယ့်ဘာသာမာန်တက်ပြီး ဖတ်ခဲ့သမျှတွေနဲ့ လူကြီးတွေလဲ ပြန်ပက် အခုတွေးကြည့်တော့ ရှက်စရာပါ။ 

တကယ်တော့ လူကြီးတွေက ကျွန်တော်တို့လိုပဲ လူငယ်ဘဝ ကြုံခဲ့ပြီးသားလေ။ တစ်ခုပဲ ကိုယ်ယုံရာ ကိုယ်လုပ်ချင်ရင် သူများယုံကြည်တာကိုလဲ မစော်ကားရဘူး။ လူ့စည်းကို နားလည်ရမယ်။

အသက်အရွယ် အတွေ့အကြုံက  စကားပြောသွားပါလိမ့်မယ်။ လူငယ်တွေကိုတော့ အပြစ်မတင်ပါဘူး။ အရာအားလုံးဟာ သူတို့အတွက်အတွေ့အကြုံသစ်တွေမဟုတ်လား။ 

"ကျနော်တို့ကတော့ ဆဲမှာပဲ။ မြင်မြင်သမျှက ဆဲချင်စရာတွေလေ"

ဟာ .. ဆဲပါဗျာ။ မအလ အုပ်စုကို ကြိုက်သလောက်ဆဲ။ ကျွန်တော်တို့တုံးကလဲ စစ်အစိုးရကို ဆဲတာပဲ။ ပြဿနာက ကိုယ်နဲ့မတူတဲ့သူတိုင်းကို ဆဲနေရင်ခင်ဗျား ကျပ်မပြည့်တာ လူသိတာပေါ့။ ဒီမိုကရေစီကို ကိုယ်ကိုယ်တိုင် မလေးမစားလုပ်ရာ ရောက်နေတယ်။

တစ်ခုပဲ။ ကျွန်တော်တို့ အတွေ့အကြုံအရ ပြတ်သားတာနဲ့ မိုက်ရိုင်းတာ မတူဘူး။ တအားဆဲတဲ့သူအများစုဟာ စစ်ကြောရေးမှာ ပါးနှစ်ချက်လောက်ရိုက်လိုက်တာနဲ့ အကုန်ဖေါ်ကြတာလေ။ စကားသိပ်မပြောတဲ့သူတွေက ခေါင်းမာလေ့ရှိတယ်။ ဆဲပြရင် ကိုယ့်ဘာသာ ပြတ်သားတယ်ထင်နေတဲ့သူတွေ ရှိတတ်လို့ သတိပေးနေရတာပါ။

များသောအားဖြင့်တော့ မိုက်မိုက်ရိုင်းရိုင်းပြောတတ်သူတွေဟာ ကျောရိုးပျော့ကြပါတယ်။ အကြပ်အတည်းတွေ့ရင် လက်လျော့လွယ်တတ်တယ်။ မိုက်ရိုင်းတာနဲ့ ပြတ်သားတာ မတူပါဘူး။ အဲ့ဒီတော့ ခင်ဗျားက တအားဆဲပြနေလို့လဲ ခင်ဗျားကို သတ္တိရှိမယ်လို့ ထင်ကြမှာ မဟုတ်ပါဘူး။

မှတ်ကျောက်တင်ခံရတဲ့ပွဲတွေ ဖြတ်ဘူးပြီးမှပဲ လူတယောက်ကို ဆုံးဖြတ်လို့ရမယ်။


ဆွေးနွေးသူ

  • အောင်မိုးဝင်း

Source:

Comments