အမေရိကန်တွေပဲလည်တာလား၊ ငါတို့ပဲ ထုံတာလား



အမေရိကန်တွေပဲလည်တာလား၊ ငါတို့ပဲ ထုံတာလား

-
မှတ်မိသလောက်ဒီအသက်အရွယ်မှာ၊ အမေရိကန်အစိုးရရဲ့ ရသုံးဘတ်ဂျက် အပိုငွေ surplus ရှိခဲ့ဘူးတာဆိုလို့ ကလင်တန်လက်ထက် တစ်ခုပဲရှိခဲ့တယ်။ ကလင်တန်နောက်ပိုင်း ဂျောဘွရှ်ဂျုနီယာ၊ အိုအားမား၊ ထရန့် ၃ ဆက်စလုံးက ဘတ်ဂျက်လိုငွေ budget deficit တွေသာရှိခဲ့တယ်။
အစိုးရ ရသုံးငွေ လိုငွေပြခဲ့တဲ့ ဒီသမတ္တ ၃ ဆက်မှာ၊ သူဌေးတွေနဲ့ ကော်ပရေးရှင်းကြီးတွေကိုလည်း အခွန်တွေ အကြီးအကျယ် လျော့ချကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေးကလည်းနှေးကွေးခဲ့ပါတယ်။ အမေရိကန်တွေရဲ့လူနေမှုအဆင့်အတန်းကလည်းလျော့ဆင်းခဲ့တယ်။
ဒီလိုအခြေနေတွေမှာ အမေရိကန်ဟာ စစ်ပွဲကြီး ၂ခု အီရတ်နဲ့အာဖဂ္ဂန်ကိုဆင်နွှဲခဲ့ပါတယ်။ အကြွေးတွေနွံ့နစ်တာပေါ့။ စီးပွားရေးကလည်းမကောင်း၊ အခွန်တွေကလည်းလျော့ချဆိုတော့ ဒီအကြွေးတွေနဲ့စစ်စရိတ်ကို ဘယ်သူတွေက ပေးလဲဆိုတာအမြဲရှာနေခဲ့တာ ဒီနေ့မတိုင်ခင်အထိပါဘဲ။
အမှန်က ၁၉၇၁ gold standard ကိုပယ်ဖျက်ပြီး အမေရိကန်ဒေါ်လာကို ရွှေ နေရာမှာအစားထိုး အမာခံလုပ်ခဲ့ရာကအကျိုးအမြတ်ပါ။ ဒေါ်လာကိုနိုင်ငံတကာငွေကြေးအဖြစ်သတ်မှတ်ပြီးတဲ့အချိန်ကစလို့ အမေရိကန် စတင်ခဲ့တဲ့စစ်ပွဲကုန်ကျစရိတ်တွေကို နိုင်ငံတကာက financing လုပ်ပေးနေခဲ့ရပါတယ်။ အမေရိကန်အတွက်တော့ free lunch ပေါ့။
အမေရိကန်စစ်ပွဲတွေဟာ သူများငွေနဲ့ တိုက်တဲ့စစ်ပွဲတွေလို့မှတ်ရပါမယ်။ ဒုတိယကမ္ဘာစစ်အပြီး ကြွယ်ဝချမ်းသာလာခဲ့တဲ့ အမေရိကန်စီးပွားရေးဟာ dometic consumption ပြည်တွင်းဝယ်ယူသုံးစွဲမှုကိုအခြေခံတဲ့ ဈေးကွက်ကြီးဖြစ်လာခဲ့သလို၊ ဒေါ်လာကလည်းနိုင်ငံတကာငွေကြွေးဖြစ်တဲ့အခါ၊ အမေရိကန်ဈေးကွက်ကို အာရှ၊ ဥရောပနဲ့ အာဖရိက ကမ္ဘာ့အရပ်ဒေသအသီးသီးက ပို့ကုန်တွေ တင်သွင်းရပါတယ်။ အမေရိကန်ဈေးကွက်ကို မှီခိုအားထားရတဲ့ စံနစ်ပေါ့။
အမေရိကန်ဈေးကွက်ကို တင်သွင်းကြတဲ့ နိုင်ငံတွေထဲက (ဥပမာ- ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျာမဏီ) အထူးကုန်သွယ်မှုအကျိုးခံစားခွင့်ရတဲ့နိုင်ငံတွေက ကုန်သွယ်ရေးမညီမျှမှု မဖြစ်စေဖို့ balance of account အတွက်၊ အမေရိကန်အစိုးရရဲ့ ငွေးချေးစာချုပ်တွေကို ဝယ်ယူရပါတယ်။
ဒီလိုနည်းနဲ့အမေရိကန်ဟာငွေတွေကိုချေးယူသလို၊ ဒေါ်လာတန်ဖိုးကိုလည်း အတိုးအလျော့လုပ် ကစားလေ့ရှိပါတယ်။ အခြားတိုင်းပြည်တွေက ဝယ်တယ်ဆိုတဲ့နေရာမှာလည်း အမေရိကန်ရဲ့ ကုမ္မဏီကြီးတွေကို hard assets တွေကို ဝယ်ခွင့်မပေးပါဘူး။ အစိုးရငွေချေးစာချုပ်သာဝယ်ခွင့်ရှိတာပါ။
၁၉၈၀ ဝန်းကျင်ကာလ ဂျပန်နဲ့ဖြစ်ခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲ၊ ဂျပန်ကားတင်ပို့မှုနဲ့ စီးပွားရေးအလျင်အမြန်တိုးတတ်မှုနှုန်းကိုထိန်းချုပ်တဲ့စစ်ပွဲ နောက်ဆက်တွဲ plaza accord က ဒီအတိုင်းပါ။ ဂျပန်ငွေကိုချခိုင်းတယ်။ အမေရိကန်အကြွေးကိုဝယ်ခိုင်းတယ်။ ဂျပန်ရဲ့စီးပွားရေးက အမေရိကန်ဈေးကွက်နဲ့ ဒေါ်လာကို လုံးဝမှီခိုနေရတဲ့အခါ ဂျပန်စီးပွားရေးဟာ ဆယ်စုနှစ် ၃ စုလောက်နာလန်မထူဖြစ်ခဲ့တာပဲ။
​ဂျပန်သာမဟုတ်ပါဘူး။ အာရပ်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေနဲ့လည်းဒီလိုပဲဖြစ်ခဲ့တာပါပဲ။ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေ၊ သံနဲ့သံမဏိထွက်ကုန်ပစ္စည်းတွေကို အခွန်တွေတိုးကောက်တာကအစပါ။ ဒီလိုကမ္ဘာ့နိုင်ငံတွေရဲ့အမေရိကန်ဈေးကွက်နဲ့ဒေါ်လာအပေါ်မှီခိုနေရမှုအပေါ်မှာ၊ လိုသလိုကုန်သွယ်ရေးကန့်သတ်ချက်တွေနဲ့ ထိန်းချုပ်ထားတဲ့အတွက် အခြားတိုင်းပြည်တွေက အမေရိကန်အစိုးရရဲ့အကြွေးတွေကို မဝယ်ဖို့ငြင်းလို့မရတဲ့အခြေနေပါ။
ဒါကိုအခွင့်ကောင်းယူပြီး အမေရိကန်အစိုးရဟာ ရငွေဝင်ငွေမရှိလင့်ကစား debt ceiling လို့ခေါ်တဲ့ အကြွေးချေးယူခွင့်သတ်မှတ်မှုတွေကို ကွန်ဂရက်ကနှစ်စဉ်မြှင့်တင်ပေးပြီး၊ ဒေါ်လာကို ဈေးချ inflation လုပ်ခြင်းနဲ့ အခြားတိုင်းပြည်တွေက ပိုက်ဆံတွေနဲ့ ကမ္ဘာပေါ်မှာ အလွန်အကုန်အကျများတဲ့စစ်ပွဲကြီးတွေကိုဆင်နွှဲပြီး လူသတ်ပွဲကြီးတွေ ကျုးလွန်နေတာပါ။
ဒါကိုတွေးမိတော...
အော်... အမေရိကန်တွေပဲလည်တာလား
ငါတို့များ ထုံ တာများလားပေါ့...

Comments