ကောင်းတာမကောင်းတာကိုပြောတာ မဟုတ်ပါဘူး။ အာဏာနဲ့နိုင်ငံရေးကိုင်တွယ်တဲ့ နေရာမှာတော့ ဦးနေဝင်းနဲ့ဦးသန်းရွှေဟာ အတော်ပိုင်နိုင်တယ်။ ဦးနေဝင်းဟာသူ့ထက် အများကြီးဝါရင့်သဘာရင့် လူလေးစားတဲ့ခေတ်ပြိုင် နိုင်ငံရေးသမားတွေ အားလုံးကိုပုံစံမျိုးစုံနဲ့ ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်ပြီး ချောင်ထိုးနိုင်ခဲ့တယ်။ ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း ဦးသိန်းဖေမြင့်၊ သခင်ချစ်မောင် သခင်ဗစိန်စတဲ့ အစဉ်အလာနိုင်ငံရေးသမားတွေ မန်းဝင်းမောင်၊ ဆမားဒူးဝါးစတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တောခိုသခင်သန်းထွန်း၊ သခင်စိုး၊ ဇင်/ချစ်စတာတွေ တင်မကဘူး သခင်ကိုယ်တော်မှိုင်းကြီးလိုပုဂ္ဂိုလ်မျိုးကိုလဲ ကိုယ်တွယ်နိုင်ခဲ့တယ်။ အဆုံးသတ်မှသာ သူ့အတွက်ထွက်ပေါက်ချန်ဘို့တွက်ကိန်းနဲနဲလွဲသွားတာ ဦးသန်းရွှေက ဦးနေဝင်းထက် သာတယ် သူက သူ့ကိုတူးတူးခါးခါး မုန်းတဲ့ပြည်သူတွေ တရပ်လုံးအပြင် တိုင်းရင်းသားသူပုန်တွေ နိုင်ငံတကာဖိအားတွေကိုပါ ရင်ဆိုင်ရတာ စစ်တပ်ထဲမှာသူ့ကိုပခုံးချင်ယှဉ်တဲ့ မောင်အေး၊ထွန်းကြည်၊ကျော်ဘ၊ တင်ဦး၊ ခင်ညွန့်တို့ကိုလဲရှင်းပြီး အင်အားတည်ဆောက်ခဲ့ရသေးတယ်။ ပြည်တွင်းနဲ့နိုင်ငံတကာက ဖူးဖူးမှုတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူကိုင်တွယ်ခဲ့ပုံကတော့ အညက်ညောဆုံးပဲ။ ဒေါ်စုကသူ့ကိုအန်ကယ်ခေါ်ပြီး လက်အုပ်ချီဂါရဝပြုရတဲ့ အဆင့်ထိရောက်သွားတယ်။ အခုချိန်ထိလဲဦးသန်းရွှေဟာ အေးအေးလူလူအနားယူပြီး စင်ပေါ်မှာပဲ။ ဦးနေဝင်းနဲ့ဦးသန်းရွှေဟာ နိုင်ငံရေးပရိယာယ်ကြွယ်တယ် ရက်စက်ပြတ်သားတယ် အဓိကအားဖြင့်တော့ Time and space လို့ခေါ်တဲ့ အချိန်နဲ့နေရာသဘောကိုနားလည်ပြီး Power အာဏာကို တည်ဆောက်ဘို့၊ ထိန်းထားနိုင်တဲ့ စိတ်ရှည်ရှည် ကစားတတ်ကြသူတွေဖြစ်ပါတယ်။ သူတို့နဲ့ယှဉ်လိုက်ရင် ဗခမကမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ သူငယ်တန်းအဆင့်တောင်မရှိကြပါဘူး။ ၂ယောက်လုံးဟာ Populism နဲ့ populist အတွေးအခေါ်ဘောင်ထဲက မထွက်နိုင်ကြဘူး။ ဒေါ်စုဟာနိုင်ငံတကာနဲ့ ပြည်သူတွေရဲ့ထောက်ခံမှုကို အခိုင်အမာရထားပါရဲ့နဲ့ ရေရှည်ဗျုဟာနဲ့အုပ်ချုပ်ရေး သဘောကိုနားမလည်တော့ အရည်အဖတ်မရ အများကြိုက်ပေါ်ပင် အလုပ်လေးတွေနဲ့ပဲ စခန်းသွားခဲ့တာ။ တကယ့်ပြဿနာကို လိမ်မာပါးနပ်စွာမရှင်းနိုင်ခဲ့ဘူး။ သူရောတိုင်းပြည်ရောနစ်နာတယ်။ မင်းအောင်လှိုင်ကတော့ သူ့ကိုလူတွေဒီလောက် မုန်းနေတဲ့ကြားက ပြည်သူ့မေတ္တာလေးများနဲနဲ ပြန်ရနိုင်ဦးမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ လုပ်နေတဲ့သဘောပဲ။ မေတ္တာမျှော်တယ်ဆိုတာ Populist အတွေးအခေါ်ပဲ။ လက်နက်အားကိုးအာဏာသိမ်းပြီးမှ လူထုရဲ့ချစ်ခင်မှုပြန်ရဘို့အိပ်မက် မက်နေတာဆိုတော့ လုပ်တာကိုင်တာတွေမပြတ်သားဘူး။ လူမလေးခွေးမခန့်ဖြစ်နေတယ်။ စစ်အာဏာသိမ်းတာတောင် အခြေခံဥပဒေနဲ့အညီထိန်းတာပါ ဘာညာလုပ်ချင်နေသေးတယ်။ အရာကြီးနဲ့ဘာဘူကြီး မတူပါဘူးဆိုပြီး မလိုတာတွေ လိုက်ရှင်းပြနေတုန်းပဲ။ ပြတ်ပြတ်သားသား လုပ်စရာလုပ်ပြခဲ့တဲ့ ဦးနေဝင်းတို့ဦးသန်းရွှေတို့ကို အတုမယူတတ်ဘူး။ အဓိကကတော့ အာဏာတည်ဆောက်ရေးမှာ အရေးကြီးတဲ့ Time and space သဘောတရားကိုနားမလည်ဘဲ အပြင်ကဝေဖန်မှုတွေ ဖိအားပေးမှုတွေကို လိုက်တုန့်ပြန်နေတာပဲ။ လူပျော့လို့မြင်ရင်ပိုပြီး ဝိုင်းဖိတတ်ကြတယ်ဆိုတာ သူသဘောမပေါက်ဘူး။ ကောင်းတာမကောင်းတာတွေကို ပြောတာမဟုတ်ပါဘူးနော်။ မြင်ခဲ့ရတာတွေ မြင်နေရတာတွေကိုပြောတာပါ။ ဒီလိုခေါင်းဆောင်တွေနဲ့ ယှဉ်တွဲပြီးဖြစ်နေရတဲ့ မြန်မာနိုင်ငံရေးနဲ့ တိုင်းပြည်ကံကြမ္မာကတော့ မကောင်းလှပါဘူးရှင်။
#မင်းမင်းအောင်
Comments
Post a Comment