လျှို့ဝှက်မဲပေးစနစ် ပျောက်ဆုံးမှု အပါအဝင် အငြင်းပွားဖွယ် ကြိုတင်မဲပေးမှု ဖြစ်စဉ်များနှင့် ရွေးကောက်ပွဲက သမာသမတ်ကျနိုင်ပါ့မလား
လျှို့ဝှက်မဲပေးစနစ် ပျောက်ဆုံးမှု အပါအဝင် အငြင်းပွားဖွယ် ကြိုတင်မဲပေးမှု ဖြစ်စဉ်များနှင့် ရွေးကောက်ပွဲက သမာသမတ်ကျနိုင်ပါ့မလား
■ Written by : အလင်းဒီ
လျှို့ဝှက်မဲပေးစနစ် ပျောက်ဆုံးမှု အပါအဝင် အငြင်းပွားဖွယ် ကြိုတင်မဲပေးမှု ဖြစ်စဉ်များနှင့် ရွေးကောက်ပွဲက သမာသမတ်ကျနိုင်ပါ့မလား. (2021). Retrieved 22 December 2021, from https://news-eleven.com/article/196814
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ကြိုတင်မဲပေးနေမှုမြင်ကွင်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မမေစိုး)
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းလုပ်ငန်းများ စတင်ခြင်းနှင့်အတူ အငြင်းပွားဖွယ် ဖြစ်စဉ်များလည်း နေ့စဉ်ဆိုသလို ဖြစ်ပေါ်နေသည်။
ဆန္ဒမဲပေးရာတွင် လျှို့ဝှက်ဆန္ဒမဲပေးမှုကို မထိခိုက်စေရဆိုသည့်အချက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေများတွင် ပါရှိသော်လည်း သက်ကြီး မဲဆန္ဒရှင်များအတွက် ရွေ့လျားစနစ်ဖြင့် ကြိုတင်မဲကောက်ခံသည့် နေရာအချို့တွင် ယင်းအချက် ပျောက်ဆုံးလျက် ရှိသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ကြိုတင်မဲပေးနေမှုမြင်ကွင်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မမေစိုး)
“ကျွန်တော်တို့ စောင့်ကြည့်တဲ့ နေရာတွေ တော်တော်များများမှာ တွေ့ရတာက လျှို့ဝှက်မဲပေးခွင့်မရတဲ့ ပြဿနာပေါ့။ လျှို့ဝှက်မဲပေးနိုင်တဲ့ အခြေအနေ ရှိမနေဘူးပေါ့” ရန်ကုန်တိုင်း အပါအဝင် ပြည်နယ်နှင့်တိုင်း ငါးခုတွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ပံ့ပိုးကူညီရေးကွန်ရက်အဖွဲ့(MYNFREL) ၏ ပရိုဂရမ် မန်နေဂျာ ကိုမင်းသုနောင်က ဆိုသည်။
ကူးစက်မြန် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကို ကာကွယ်ရန် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးမှုကို သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်များက အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ဆောင်ရွက်ပေးမည် ဖြစ်သည်။
Stay at Home သတ်မှတ်သည့် မြို့နယ်များနှင့် လူဦးရေ ထူထပ်သော မြို့နယ်များတွင် သက်ကြီး မဲဆန္ဒရှင်များ ကြိုတင်မဲပေးမှုကို အိမ်တိုင်ရာရောက် ကောက်ယူမည်ဖြစ်ပြီး ကျန်မြို့နယ်များတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲပေးရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၀ ရက်တွင် ကြေညာသည်။
လူမှုကွန်ရက်တွင် ပျံ့နံှံ့နေသည့် အငြင်းပွားဖွယ် ရွေးကောက်ပွဲကြိုတင်မဲပေးမှုနှင့်ပတ်သက်သော ဓာတ်ပုံများ
COVID-19 အတည်ပြုလူနာ ရာခိုင်နှုန်း ၇၀ ကျော်ရှိသည့် ရန်ကုန်တိုင်းရှိ မြို့နယ် ၄၄ မြို့နယ်ကို Stay at Home ကြေညာထားပြီး ယင်းမြို့နယ်များရှိ ရပ်ကွက်အများစုတွင် အိမ်တိုင်ရာရောက် ကြိုတင်မဲ ကောက်ခံကာ အချို့နေရာအနည်းငယ်တွင် စုရပ်သတ်မှတ်၍ မဲရုံတည်ဆောက် မဲပေးစေခြင်းများရှိကြောင်း သိရသည်။
မြေပြင် သတင်းရယူမှုများ အပါအဝင် အွန်လိုင်းတွင် ပျံ့နှံ့လာသည့် ဓာတ်ပုံအထောက်အထားများအရ အချို့နေရာများတွင် UEC တံဆိပ်ပါ အကာအကွယ်ပုံးအတွင်း ဆန္ဒပြုခွင့်ရသော်လည်း ဆန္ဒပြုသူနောက် မလှမ်းမကမ်းတွင် ရှိနေသူက ဆန္ဒပြုသူ မည်သည့်ပါတီအား မဲထည့်သည်ကို တွေ့မြင်ရသည့် အနေအထားရှိပြီး နေရာအချို့တွင် ကော်မရှင် အဖွဲ့ဝင်များ၊ လေ့လာသူများ ရှေ့မှောက်တွင် ဆန္ဒပြုမှုများ ရှိနေသည်။
“မဲပေးတယ်ဆိုတာ လျှို့ဝှက်စွာ မဲပေးရတာလေ။ စာအိတ်ပိတ်တယ်တို့၊ ဆန္ဒပြုတဲ့နေရာ သီးခြား ကန့်သတ်ထားတယ်တို့ဆိုတာ သည်မဲကို လျှို့ဝှက်စွာ ပေးရမယ်ဆိုတဲ့ အဓိပ္ပာယ်။ အခု ကြိုတင်မဲမှာ အဲဒီအဓိပ္ပာယ် ပျောက်ဆုံးနေတယ်ဗျ”ဟု ပြည်သူ့ပါတီမှ ကမာရွတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရဲနိုင်အောင် က ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၉) ပုဒ်မ ၃၉၁ (ဃ) တွင် လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက်ရာတွင် လျှို့ဝှက်မဲပေးခြင်းစနစ်ကို ကျင့်သုံးရမည်ဟု ပြဋ္ဌာန်းထားပြီး ရွေးကောက်ပွဲဥပဒေ အခန်း (၉) ပုဒ်မ ၃၈ တွင် လျှို့ဝှက်ဆန္ဒမဲပေးမှုကို မထိခိုက်စေရေးတွက် လုံခြုံမှုရှိစေရန် စီစဉ်ထားရှိရမည်ဟု ပြဋ္ဌာန်းထားသည်။
“ဒါက နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်တယ်။ မဲပေးတဲ့အခါမှာ ရသင့်ရထိုက်တဲ့ အခြေခံအကျဆုံး အခွင့်အရေး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ခြိမ်းခြောက်မယ့်သူတွေ၊ သူ့ပါတီကို မဲမပေးလို့ ဆိုပြီးတော့ အငြိုးထားမယ့်သူတွေ အဲဒီကနေ အကာအကွယ်ပေးဖို့ဆိုပြီးတော့ လျှို့ဝှက်မဲပေးတဲ့စနစ်ကို ဖြစ်အောင် လုပ်ကြတာ” ဟု ကိုမင်းသုနောင်က မှတ်ချက်ပြုသည်။
၎င်းတို့အဖွဲ့ စောင့်ကြည့်လေ့လာမှုအရ ရန်ကုန်တိုင်း အပါအဝင် ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင်လည်း လျှို့ဝှက်မဲပေးစနစ်ကို ထိခိုက်သည့် ဖြစ်စဉ်အချို့ရှိခဲ့ကြောင်း သိရသည်။
“အဲဒါတော့ ညွှန်ကြားတာနဲ့ ဆန့်ကျင်တာပေါ့။ အဲဒီလို မဖြစ်ရပါဘူး။ ကျွန်တော်တို့ရှေ့မှာ ထုစရာအကြောင်းမရှိဘူး။ ကျွန်တော်တို့ ကွယ်ရာမှာပဲ ဆန္ဒမဲပေးရမယ်” ဟု ရန်ကုန် တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောကြားသည်။
ထို့အတူ ရပ်ကွက်အတွင်း ရွေ့လျားစနစ်ဖြင့် အသက် ၆၀ အထက် မဲဆန္ဒရှင်များ၏ ကြိုတင်မဲကောက်ယူမှုတွင် မဲရုံတာဝန်ရှိသူများ၊ ကော်မရှင် အဖွဲ့ဝင်များနှင့်အတူ လိုက်ပါကြသည့် ပါတီအချို့မှ မဲရုံကိုယ်စားလှယ်များက ၎င်းတို့ပါတီ အမှတ်တံဆိပ်ပါ အသုံးအဆောင်ပစ္စည်းများ သုံးစွဲဝတ်ဆင်မှုသည်လည်း ကန့်ကွက်မှုများပင် ရှိသည့် အငြင်းပွားမှု ဖြစ်၍နေသည်။
လူမှုကွန်ရက်တွင် ပျံ့နံှံ့နေသည့် အငြင်းပွားဖွယ် ရွေးကောက်ပွဲကြိုတင်မဲပေးမှုနှင့်ပတ်သက်သော ဓာတ်ပုံများ
အောက်တိုဘာ ၂၉ ရက်က မရမ်းကုန်းမြို့နယ် အမှတ် (၈) ရပ်ကွက်အတွင်း ကြိုတင်မဲ ကောက်ယူသည့် နေရာအနီးတစ်ဝိုက်တွင် NLD ပါတီ လိုဂိုဖြင့် ခမောက်ဆောင်းထားသူ တစ်ဦး တွေ့ရှိရပြီး ယင်းကိစ္စအပေါ် တည်ဆဲဥပဒေဖြင့် အရေးယူရန် မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို တင်ပြထားသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းသိန်းထွန်းက အွန်လိုင်းမီဒီယာတစ်ခုကို ပြောကြားခဲ့သည်။
ထို့ပြင် ဒဂုံမြို့သစ် (တောင်ပိုင်း) အမှတ် ၂၀ ရပ်ကွက် အောင်သိဒ္ဓိလမ်းတွင် ကြိုတင်မဲ ကောက်ယူရာ၌ NLD ပါတီ တံဆိပ်ပါ ထီးတပ်ဆင်ထားသည့် ဘေးတွဲဆိုင်ကယ် အသုံးပြုမှုရှိသည်ကို အွန်လိုင်းတွင် ပျံ့နှံ့မှုအရ သိရသည်။
အဆိုပါ အခြေအနေများနှင့် စပ်လျဉ်း၍ NLD ပါတီ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပါတီလိုဂို၊ အလံနှင့် ပါတီ အထိမ်းအမှတ်ပစ္စည်းများ အသုံးမပြုရသည်မှာ မဲ မဆွယ်ရနေ့ (Silent Day) တွင်သာဖြစ်ပြီး ယခုကဲ့သို့ ကြိုတင်မဲပေးချိန်တွင် သုံးစွဲခြင်းမပြုရဟူ၍ ဥပဒေတားမြစ်ချက် မရှိဟု ဆိုသည်။
“ကျွန်တော်တို့ ဒါကို UEC ကို မေးမြန်းထားပြီးမှ ပြန်ဖြေတာပါ” ဟု ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။
သို့သော် အောက်တိုဘာ ၂၅ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အသိပေးကြေညာမှု တစ်ခုတွင် ကြိုတင်မဲပေးရန် စီစဉ်ထားသည့် နေရာ အဆောက်အအုံသို့ လာရောက်သည့်အချိန်တွင် နိုင်ငံရေးပါတီ တံဆိပ်ပါ အဝတ်အစားများ၊ အသုံးအဆောင်များ ဝတ်ဆင်သုံးစွဲ၍ လာရောက်ခြင်း မပြုရန်ဟူ၍ ဖော်ပြထားသည်။
ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၁ တွင်လည်း မည်သူမဆို ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံအတွင်း၌ ဖြစ်စေ၊ မဲရုံမှ ကိုက် ၅၀၀ အတွင်း၌ဖြစ်စေ မဲဆွယ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦး ကို မဲပေးရန် တောင်းဆိုခြင်း သို့မဟုတ် မဲ မပေးရန် တိုက်တွန်း သွေးဆောင်ခြင်း၊ ရွေးကောက်ပွဲတွင် မဲပေးရန် သို့မဟုတ် မဲ မပေးရန် တိုက်တွန်းသွေးဆောင်ခြင်းတို့ ပြုလုပ်လျှင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ တစ်သိန်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
“မဲပေးတဲ့အချိန်မှာ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်မှု၊ မဲဆွယ်မှု တစ်စုံတစ်ရာ မဖြစ်ဖို့အတွက်ကို မဲပေးတဲ့ နေရာနဲ့ ကိုက် ၅၀၀ အတွင်းမှာ ကျွန်မတို့ ကိုယ်စားလှယ်လောင်းတွေတောင်မှပဲ ပါတီရဲ့ အထိမ်းအမှတ် တံဆိပ်၊ ယူနီဖောင်း အဲဒါတွေ ဘာမှ သုံးစွဲခွင့်မရှိဘူး။ အခုက COVID ကာလမို့ ကြိုတင် မဲယူရတယ်ဆိုတဲ့ အခြေအနေမျိုးမှာ အဲဒီကိစ္စတွေ အများကြီး လုပ်ဆောင်နေတာ တွေ့ရတယ်။ တွေ့ရတဲ့အခါကျတော့ အဲဒါကို သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းတွေက၊ တင်းတင်းကျပ်ကျပ် တားမြစ်ရမယ့်အစား၊ ဥပဒေအတိုင်း လိုက်နာရမယ့်အစား ဒါဟာ ဥပဒေရဲ့ ကန့်သတ်ချက်မှာ မပါဘူးဆိုပြီး လက်တစ်လုံးခြား ကျင့်သုံးတာမျိုးတွေ ကတော့ ဥပဒေကို ကိုယ်ကိုယ်တိုင်က ဖောက်ဖျက်နေတယ်လို့ ယူဆတယ်” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နှင်းနှင်းမွှေးက ပြောကြားသည်။
ထိုသို့ လက်ရှိ အာဏာရ NLD ပါတီအပေါ် ဝေဖန်မှုများရှိသလို NLD ပါတီကလည်း လှည်းကူးမြို့နယ်တွင် အောက်တိုဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် တံဆိပ်တုံးအတု အသုံးပြုမှုနှင့် ပတ်သက်၍ လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၏ မဲရုံကိုယ်စားလှယ်ကို အမှုဖွင့်ရန် ကြိုးပမ်းလျက်ရှိသည်။
လှည်းကူးမြို့နယ် မြို့မရပ်ကွက် ပန်းမြို့တော်လမ်းတွင် ရွေ့လျားစနစ်ဖြင့် ကြိုတင်မဲကောက်ခံစဉ် UEC အမှတ်တံဆိပ် မပါသည့် တံဆိပ်တုံးအတုကို ရပ်ကျေးကော်မရှင် အဖွဲ့ဝင်တစ်ဦး အသုံးပြုခဲ့ရာတွင် ယင်းတံဆိပ်တုံးကို ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ မဲရုံကိုယ်စားလှယ် က ယူဆောင်လာခြင်း ဖြစ်သည်ဟု လှည်းကူးမြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းတန်က ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်အသေးစိတ်ကို ပါတီ ဗဟိုနှင့် တိုင်းအောင်နိုင်ရေးကော်မတီထံ အစီရင်ခံထားပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲအနေဖြင့် တံဆိပ်တုံးအတု ပြုလုပ်သူအား အမှုဖွင့်အရေးယူခြင်း ရှိ၊ မရှိကို စောင့်ကြည့် နေသည်ဟု ယင်းကိုယ်စားလှယ်လောင်းက ဆိုသည်။
ထိုကဲ့သို့ နိုင်ငံရေးပါတီများကြား အငြင်းပွားသည့် ဖြစ်စဉ်များရှိသလို မဲ မသာမှုအသွင်ဖြစ်သည့် ကော်မရှင်အဖွဲ့ဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများအကြား အငြင်းပွားသည့် ဖြစ်စဉ်များလည်း တိုင်းနှင့် ပြည်နယ်အချို့တွင် တွေ့ရသည်။
ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မဲဆန္ဒနယ် ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၊ မဲဆန္ဒနယ် ပြင်ပရောက် သင်တန်းသားများ၊ မဲဆန္ဒနယ် ပြင်ပရောက် ကျောင်းသားများ၊ မဲဆန္ဒနယ် ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်နေသည့် အတွင်းလူနာများနှင့် အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေသူများသည် အောက်တိုဘာလဆန်းတည်းက ကြိုတင်မဲပေးနှင့်ကြပြီး ဖြစ်သည်။
ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များနှင့် ရွေးကောက်ပွဲတာဝန် ထမ်းဆောင်ရန်အတွက် ကြိုတင်မဲပေးရန် လိုအပ်သူများသည် အောက်တိုဘာ ၂၉ ရက် မှ နိုဝင်ဘာ ၇ ရက်အတွင်း ကြိုတင်မဲပေးကြမည် ဖြစ်သည်။
ထို့အတူ နေရပ်သို့ ပြန်လည် ဆန္ဒမဲ မပေးနိုင်သူများ၊ Stay at Home သတ်မှတ် မြို့နယ်များနှင့် လူဦးရေ ထူထပ်သောမြို့နယ်များမှ အသက် ၆၀ အထက် မဲဆန္ဒရှင်များ၊ ကျန်မြို့နယ်တွင် နေထိုင်သော အသက် ၆၀ အထက် မဲဆန္ဒရှင်များတွင် Quarantine စင်တာများတွင် Quarantine ဝင်ရောက်နေရသူများ ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၇ ရက်အတွင်း ဆောင်ရွက်မည် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် အသက် ၆၀ အထက် မဲဆန္ဒရှင်များ ကြိုတင်မဲ စပေးသည့် အောက်တိုဘာ ၂၉ ရက်တွင် မဲစာအိတ်များ ပေါက်ပြဲခြင်း၊ တံဆိပ်တုံးထု၍ မဲပေးရမည့်အစား ဘောပင်ဖြင့် အမှန်ခြစ်၍ မဲပေးစေသည့် ဖြစ်စဉ်များ အပါအဝင် သက်ကြီး မဲဆန္ဒရှင်များ ဆန္ဒမဲပေးရာတွင် မဲဆန္ဒရှင်၏ ဆန္ဒနှင့် မကိုက်ညီသော တုံးထုပေးသည့် ဖြစ်စဉ်အများဆုံး ဖြစ်ပွားခဲ့သည်။
အောက်တိုဘာ ၂၉ ရက်က ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျွန်းရင်းကျေးရွာတွင် သက်ကြီး မဲဆန္ဒရှင်များ ကြိုတင်မဲပေးစဉ် ရပ်၊ ကျေးကော်မရှင်ဥက္ကဋ္ဌ မဲမသမာမှု ပြုလုပ်သည်ဆိုကာ လူစုလူဝေး ဖြစ်ပေါ်ခဲ့သည်။
ကိုယ်တိုင် တံဆိပ်တုံး ရိုက်နှိပ်ခြင်း မရှိသူများ ကြိုတင်မဲပေးရာတွင် မိသားစုဝင်တစ်ဦးကို လိုက်ပါ ဆောင်ရွက်ခွင့် မပြုဘဲ ရပ်၊ ကျေးကော်မရှင်ဥက္ကဋ္ဌက ဝင်ရောက် ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်များ ဆန္ဒပြုခိုင်းသည့် ပါတီကို တံဆိပ်တုံး ရိုက်နှိပ်ခြင်း မရှိဘဲ အခြားပါတီကို တုံးထုကြောင်း သတင်းထွက်ပေါ်ရာမှ လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“အနီတံဆိပ် ထုခိုင်းတာ အစိမ်းကို တံဆိပ်ထုတယ်ဆိုပြီး သတင်းပြန့်သွားတယ်။ အဲဒီကစပြီး ကော်မရှင်နဲ့ ပြဿနာဖြစ်တာပဲ”ဟု ကျွန်းရင်းကျေးရွာမှ ကိုအောင်ခိုင်စိုးက ပြောကြားသည်။
ထို့ပြင် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင် မဲလက်မှတ်စာအိတ်ဘေး ပေါက်ပွင့်နေခြင်း၊ ပေါက်ပြဲခြင်း၊ ကော်မကပ်ဘဲ ပိတ်ခြင်းများကို ကြုံတွေ့ရကြောင်း မဲပေးသည့် ပြည်သူ အချို့ နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အချို့ထံမှ သိရသည်။
အောက်တိုဘာ ၂၂ ရက်က ရန်ကုန်တိုင်း ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ယင်းမြို့နယ်အခြေစိုက် အင်ဂျင်နီယာတပ်ရင်း ၉၀၅ မှ ပေးပို့သည့် ကြိုတင်မဲ ၅၈ စောင်ပါ စာအိတ်အသေးအားလုံး ပွင့်လျက်ဖြစ်နေခြင်းကြောင့် ပါတီအချို့ ကန့်ကွက်မှုရှိရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲက ယင်းကြိုတင်မဲများကို မဲရလဒ်တွင် ထည့်သွင်း မရေတွက်ရန် ဆုံးဖြတ်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်ကလည်း မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ပုံစံ (၁၅) ဖြင့် ပေးပို့သည့် ကြိုတင်မဲ စာအိတ်အသေး ၃၀ ခန့် ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ စာအိတ်ပွင့်လျက် ထပ်မံရောက်ရှိလာပြီး ယင်းကြိုတင်မဲများကိုလည်း တပ်ကြိုတင်မဲကဲ့သို့ ထည့်သွင်းမရေတွက်ရန် ဆုံးဖြတ်ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီးရှိ ဇီးကျွန်းကျေးရွာ၊ ကံလှကျောင်းစု ကျေးရွာတို့တွင် ဆန္ဒမဲပေးရာ၌ ဘောပင်ဖြင့် ခြစ်ရခြင်းများရှိကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြသည်။
“ပယ်မဲ ဖြစ်အောင် ရည်ရွယ်သလား၊ အသက် ၆၀ အထက် ကြိုတင်မဲပေးရတာလေ။ တံဆိပ်တုံး မနှိပ်ခိုင်းဘဲ ဘောလ်ပင်နဲ့ ခြစ်ခိုင်းနေတယ်”ဟု ဒေါက်တာ အောင်မိုးညိုက ဆိုသည်။
ကြိုတင်မဲပေးသည့် နှစ်ရက်အတွင်း ယင်းသို့ အငြင်းပွားဖွယ် ဖြစ်စဉ်များနှင့် ပတ်သက်၍ ကော်မရှင်အပေါ် ဝေဖန်မှုများရှိလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၃၀ ရက်တွင် ကြေညာချက် တစ်စောင်ထုတ်ပြန်ကာ ဖြေရှင်းရန် ကြိုးပမ်းသည်။
ယင်းကြေညာချက်တွင် သတ်မှတ် အမှန်ခြစ် တံဆိပ်တုံးဖြင့် ဆန္ဒပြုရမည့်အစား ဘောလ်ပင်ဖြင့် အမှန်ခြစ်ဆန္ဒပြုသည့် ဆန္ဒမဲလက်မှတ်၊ ကြိုတင်မဲလက်မှတ်ပေါ်တွင် မဲရုံမှူး လက်မှတ် သို့မဟုတ် မဲလက်မှတ်၏ ကျောဘက်တွင် ကော်မရှင်အဖွဲ့ခွဲ တံဆိပ်တုံး သို့မဟုတ် တာဝန်ခံထုတ်ပေးသူ၏ လက်မှတ်နှင့် အမည်ပါရှိသော ဆန္ဒမဲ လက်မှတ်၊ လွှတ်တော်အလိုက် ထည့်သွင်းရမည့် ကြိုတင်မဲ လက်မှတ်နှင့် စာအိတ်လွဲ မှားသော်လည်း မဲဆန္ဒရှင် မှန်ကန်စွာ ဆန္ဒပြုထားသော ဆန္ဒမဲလက်မှတ်တို့ကို ပယ်မဲ အဖြစ် သတ်မှတ်မည် မဟုတ်ကြောင်း ဖော်ပြပါရှိသည်။
အသက် ၆၀ အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင်များ၏ နေအိမ်များသို့ သွားရောက်၍ ကြိုတင်မဲရယူရာတွင် ကောက်ယူရမည့် မဲဆန္ဒရှင်အရေအတွက် များပြားခြင်းကြောင့် အထက်ပါ အခြေအနေများ တွေ့ရှိရသဖြင့် ယင်းဆန္ဒမဲ လက်မှတ်များကို ပယ်မဲအဖြစ် မသတ်မှတ်ခြင်း ဖြစ်ကြောင်း ကော်မရှင်ကြေညာချက်က ဆိုသည်။
ထို့ပြင် မဲဆန္ဒရှင်များ လုံခြုံစွာပိတ်ခဲ့မှု မရှိသည့် ဆန္ဒပြုပြီး စာအိတ်များ၊ အချို့စာအိတ်များကို ကော်သုတ်၍ ပိတ်ရာတွင် ဆန္ဒမဲလက်မှတ်ကို အစွန်းအထင်း ဖြစ်ပေါ်ခြင်း၊ တာဝန်ရှိသူက စာအိတ်များကို ဖွင့်ဖောက်သည့်အခါ ဆန္ဒမဲလက်မှတ် စုတ်ပြဲမှုတို့ ဖြစ်ပေါ်လျှင်လည်း ပယ်မဲအဖြစ် သတ်မှတ်မည် မဟုတ်ကြောင်း ကော်မရှင်က ကြေညာသည်။
“အဲဒါလေးတော့ UEC ကို အသိအမှတ် ပြုတယ်။ ကြိုဆိုတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးတွေက ဆုံးရှုံးမလို ဖြစ်နေပြီ။ အဲဒီအချိန်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုတစ်ခုနဲ့ ဒီလို ဖြေရှင်းတာကို ကြိုဆိုတယ်။ ကောင်းတဲ့နမူနာပဲ” ဟု ရွေးကောက်ပွဲ စောင့်ကြည့်သူ ကိုမင်းသုနောင်က ပြောကြားသည်။
ကြိုတင်မဲ ကောက်ယူမှုတွင် မဲစာအိတ် ပွင့်နေမှု အပါအဝင် အားနည်းချက်အချို့ကြောင့် မဲဆန္ဒရှင်အချို့က ၎င်းတို့ ပေးသည့် ဆန္ဒမဲ ပယ်ဖျက်ခံရမည်လားဆိုသည့် စိုးရိမ်မှုများအပေါ် ယခု ကြေညာချက်က အထိုက်အလျောက် ဖြေလျှော့ပေးနိုင်မည်ဟူ၍ ကြိုဆိုသူများရှိသည်။
တစ်ဖက်တွင်လည်း ပယ်ရမည့် ဆန္ဒမဲအမျိုးအစားကို ရွေးကောက်ပွဲ နည်းဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားမှုရှိရာ ကော်မရှင်၏ ကြေညာချက်သည် ဥပဒေကို ကျော်လွန်သည့်သဘော သက်ရောက်သည် ဟု လွှတ်တော် ကိုယ်စားလှယ်လောင်းအချို့ က ဝေဖန်သည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲပုံးကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
“မဲလာပေးတဲ့အခါမှာ ငယ်တဲ့သူလည်း ရှိမယ်။ ကြီးတဲ့သူလည်း ရှိမယ်။ မဲပေးပိုင်ခွင့် ရှိတဲ့သူအားလုံးဟာ တန်းတူရည်တူ ဖြစ်ရမယ်လေ။ ၆၀ ကျော်မို့ သူကတော့ မှားတတ်လို့၊ ဘောလ်ပင်နဲ့ ခြစ်လိုက်လို့ ခွင့်ပြုလို့ ဘယ်ရမလဲ။ အသက် ၁၈ နှစ် အထက်ကနေ မဲပေးပိုင်ခွင့် နောက်ဆုံးအထိ အားလုံးဟာ တန်းတူရည်တူ ရှိရမှာပေ့ါ။ အသက်ကြီးလို့ ဆိုပြီးတော့၊ လူတွေများလို့ ဆိုပြီးတော့ ကိုယ့်ပြဋ္ဌာန်းချက်ကို ကိုယ်ပြန်ပြီးတော့ တလွဲပြန်ပြီးတော့ လုပ်တဲ့ကိစ္စမျိုးကတော့ မဖြစ်သင့်ဘူးလေဗျာ။ ဒါ ရွေးကောက်ပွဲဗျ။ ရွေးကောက်ပွဲမှာ ပယ်မဲဆိုတဲ့ ပြဿနာက အရေးကြီးဆုံးပဲ”ဟု ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းလည်းဖြစ်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၆၆ (ဂ) အရ ဆန္ဒမဲလက်မှတ်များကို ရေတွက်ရာတွင် ဆန္ဒမဲလက်မှတ် တစ်စောင်ချင်းစီအား မဲရုံအဖွဲ့ဝင်များ၊ သက်သေများ၊ မဲရုံကိုယ်စားလှယ်များကို ပြသ ရေတွက်ရမည်ဖြစ်ပြီး ပယ်ရမည့် ဆန္ဒမဲလက်မှတ် အမျိုးအစားကိုးမျိုး ရှိကြောင်း သိရသည်။
ကော်မရှင်က အတည်ပြုထားသော အမှတ်အသား မပါခြင်း၊ မဲရုံမှူး လက်မှတ် မပါခြင်း၊ ဆန္ဒပြုရာတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးထက်ပိုခြင်း၊ ဆန္ဒပြုထားမှုမရှိခြင်း၊ ဆန္ဒပြုထားကြောင်း မသေချာ မထင်ရှားခြင်း၊ မဲလက်မှတ်အတုဟု မဲရုံမှူးက ဆုံးဖြတ်ခြင်း၊ ဆန္ဒမဲပေးသူကို သိရှိအောင် အမှတ်အသား ပြုထားခြင်း၊ ဆုတ်ဖြဲထားခြင်းနှင့် ကော်မရှင်က ပယ်မဲအဖြစ် သတ်မှတ်ရန် ထုတ်ပြန်ထားသည့် ဆန္ဒမဲလက်မှတ် စသည်တို့ကို ပယ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
“ပယ်မဲဆိုတာ ဘယ်လိုမျိုးဖြစ်ရမယ် ဆိုတာ အစတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားလေ။ အစကတည်းက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ ဆောင်ရွက်စေချင်တယ်။ အခုမှ ထပ်ပြီးတော့ ဒီလိုလုပ်လို့ရင်တော့ ခွင့်ပြုလို့ရပါတယ်ဆိုတာက UEC က သူ့သဘောနဲ့သူ ဆုံးဖြတ်နေတဲ့ ကိစ္စလေဗျာ။ သူဆုံးဖြတ်ချင်တိုင်း ဆုံးဖြတ်လို့ ရမလား။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေနဲ့ မဲဆန္ဒရှင်တွေအပေါ်မှာလည်း မူတည်သေးတယ်လေ။ စည်းမျဉ်းစည်းကမ်းတွေ ပြဋ္ဌာန်းထားပြီးမှ အရင်တုန်းက မရဘူးလို့ ပြောပြီး အခုတစ်ခါ ပယ်မဲလို့ ပြောတဲ့ဟာကို လက်ခံပါတယ်ဆိုတဲ့ဟာမျိုး တွေ့ဖြစ်တဲ့အခါကျတော့ ရွေးကောက်ပွဲရဲ့ တရားမျှတမှုအပေါ်မှာ သွားသက်ရောက်စေတယ်ဗျ” ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်နှင်းနှင်းမွှေးကလည်း “ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥပဒေကိုယ်တိုင်သည်ပင် လိုအပ်ချက်တွေ ရှိနေတာ အများကြီး တွေ့ရတယ်။ လိုရင်လိုသလို အခြေအနေ အချိန်အခါအရ သူတို့ရဲ့ စီမံခန့်ခွဲမှုတွေက ပြောင်းလဲပြီးတော့ မျှော့ကြိုးလိုပဲ လုပ်လို့ရတယ် ဆိုတဲ့ဟာမျိုးတွေ တွေ့ရတယ်” ဟု ဝေဖန်သည်။
သက်ကြီးရွယ်အိုများ ရွေးကောက်ပွဲနေ့ မဲရုံသို့ မဲထွက်ပေးခြင်းမှတစ်ဆင့် COVID-19 ကူးစက်ပြန့်ပွားမှု မရှိစေရန် နေအိမ်အရောက်နှင့် သတ်မှတ်နေရာများတွင် ကြိုတင်မဲ လိုက်လံကောက်ခံခြင်း ဖြစ်သော်လည်း မြို့နယ်အချို့တွင် လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများအရ တစ်ဦးလျှင် ခြောက်ပေအကွာဖြင့် Social Distancing မူများနှင့်အညီ ဆောင်ရွက်မှု အားနည်းသည်ကို တွေ့ရှိရကြောင်း ကိုယ်စားလှယ်လောင်းနှင့် လေ့လာသူအချို့က မှတ်ချက်ပြုသည်။
ယခုကဲ့သို့ ကြိုတင်မဲပေးချိန်တွင် Social Distancing စနစ်ကို အောင်မြင်စွာ မဆောင်ရွက်နိုင်ခြင်းကြောင့် နိုဝင်ဘာ ၈ ရက် မဲရုံသို့ မဲသွားပေးမည့် လူအများစိတ်ထဲတွင် စိုးရိမ်မှုရှိကာ မဲပေးနှုန်းကျဆင်းမည်ကို စိုးရိမ်သည်ဟု MYNFREL ပရိုဂရမ် မန်နေဂျာ ကိုမင်းသုနောင်က ပြောကြားသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အငြင်းပွားဖွယ် ရွေးကောက်ပွဲကြိုတင်မဲပေးမှုနှင့်ပတ်သက်သော ဓာတ်ပုံများ
ပြည်လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပရန် တစ်ပတ်သာ လိုတော့သည့် အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်လူနာ နေ့စဉ် ထောင်ဂဏန်းဝန်းကျင်ရှိသော်လည်း ဆန္ဒမဲလာပေးခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး COVID ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပခဲ့သော နိုင်ငံအချို့၏ ရွေးကောက်ပွဲ ပြင်ဆင်မှုများနှင့် ပတ်သက်၍ ဆွေးနွေး အကြံဉာဏ်ရယူထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က အသိပေးသည်။
သို့သော် ထိုသို့ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အပါအဝင် လက်ရှိ ဆောင်ရွက်နေသည့် ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ကော်မရှင်က နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အကျေအလည် တွေ့ဆုံညှိနှိုင်းခြင်း မရှိဆိုသည့် ဝေဖန်မှုများလည်း ရှိသည်။
“ဒီလုပ်ငန်းစဉ် (အသက် ၆၀ အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်း) အပါအဝင် လက်ရှိ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အားလုံးသည် ရွေးကောက်ပွဲကော်မရှင်က တစ်ဖက်သတ် ချထားတာတွေ။ ဘယ်သူနဲ့ မတိုင်ပင်ဘူး။ နိုင်ငံရေးပါတီတွေနဲ့ မတိုင်ပင်ဘူး။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မတိုင်ပင်တဲ့အတွက် ဆိုလိုတာက အကျေအလည် ဆွေးနွေးထားတာ မဟုတ်တဲ့အတွက် အခုလို အားနည်းချက်တွေ လစ်ဟာချက်တွေ ဖြစ်နေတယ်။ အဲဒီတော့ အားနည်းချက်တွေ၊ လစ်ဟာချက်တွေရှိရင် ယုံကြည်မှုရှိမှာ မဟုတ်ဘူး။ သံသယတွေ ဝင်လိမ့်မယ်။ သံသယတွေဝင်လို့ အကျိုးဆက်တွေ ဖြစ်လာရင်တော့ UEC က တာဝန်ယူရမယ်” ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောကြားသည်။
Website Link - - - -> https://news-eleven.com/article/196814
Comments
Post a Comment