မြန်မာအပေါ်စွဲဆိုထားသည့်အမှု ICJ က လက်ခံကြားနာစစ်ဆေးရန် မသင့်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ရှင်းလင်း

 မြန်မာအပေါ်စွဲဆိုထားသည့်အမှု ICJ က လက်ခံကြားနာစစ်ဆေးရန် မသင့်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ရှင်းလင်း


အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် မြန်မာနိူင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး လက်ခံကြားနာရန်မသင့်ကြောင်း ယနေ့တွင် တင်ပြလျှောက်လဲခဲ့သည်။


မြန်မာနိူင်ငံကို ဂမ်ဘီယာနိူင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန် နှင့် ပြစ်ဒဏ်ပေးရန် နိူင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the crime of Genocide) ကိုကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင်ခွင့် မရှိကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က လျောက်လဲခဲ့ခြင်းဖြစ်သည်။


ဂမ်ဘီယာနိူင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့် မရှိကြောင်း ကနဦးကန့်ကွက်လွှာကို မြန်မာနိူင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်သွင်းခဲ့ပြီး၊ ကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိူင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်လျက် ရှိသည်။


အထက်ပါ ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံ ကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်၍ ပူးတွဲကိုယ်စားလှယ် (Alternate Agent) ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာခဲ့ပြီး နယ်သာလန်နိူင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၉ ရက်နေ့တွင် ရောက်ရှိခဲ့သည်။


အဆိုပါကြားနာမှုကို ၂၁-၂-၂၀၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉း၀၀)နာရီတွင် စတင် လျက်ရှိပြီး မြန်မာနိုင်ငံကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဤအမှုကို ဥပဒေကြောင်းအရ ICJ က လက်ခံကြားနာစစ်ဆေးရန် မသင့်ကြောင်း ရှင်းလင်း ပြောကြားခဲ့ကာ မြန်မာနိုင်ငံကိုယ်စားပြု နိူင်ငံတကာရှေ့နေများက မြန်မာနိူင်ငံက တင်သွင်းခဲ့သည့် ကနဦး ကန့်ကွက်ချက် များနှင့်ပတ်သက်၍ တရားရုံးသို့ တင်ပြ လျှောက်လဲသွားမည်ဟုသိရသည်။








Comments