မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေမျိုးတုန်းသွားအောင်ကျုးလွန်လုပ်ကိုင်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ မှာဦးတိုက်လျှောက်ထားမှု ဒုတိယအကြီမ်ကြားနာပွဲစဉ်ပထမနေ့ကိုအသေအချာလေ့လာမိတယ်
မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေမျိုးတုန်းသွားအောင်ကျုးလွန်လုပ်ကိုင်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ မှာဦးတိုက်လျှောက်ထားမှု ဒုတိယအကြီမ်ကြားနာပွဲစဉ်ပထမနေ့ကိုအသေအချာလေ့လာမိတယ်..
ICJ: Gambia vs Myanmar
Crd U Than Lwin Tun
---
ကြားနာပွဲအစီအစဉ်ကတော့..
- ပထမနေ့ (၂၁ Feb)မှာ မြန်မာဘက်ကငြင်းဆိုတင်ပြမှုတွေလုပ်တယ် (စုစုပေါင်း ၃ နာရီ)
- ဒုတိယနေ့ (၂၃ Feb)မှာ ဂမ်ဘီယာဘက်က ၃ နာရီကြာပြန်လှန်စွပ်စွဲသက်သေပြမှုတွေလုပ်မယ်
- တတိယနေ့ (၂၅ Feb)မှာ မြန်မာဘက်က ဒုတိယအကြိမ်ထပ်ပြီး သုံးသပ်ငြင်းဆိုခွင့် ၁နာရီခွဲ
- စတုထ္ထနေ့ (၂၈ Feb)မှာ ဂမ်ဘီယာက ဒုတိယအကြိမ်ထပ်မံစွပ်စွဲငြင်းဆိုခွင့် ၁နာရီခွဲ
---
ဒီနေ့ ၃ နာရီကြာမြင့်တဲ့ မြန်မာဘက်ကငြင်းဆိုတင်ပြမှုကို နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဦိးကိုကိုလှိုင်နဲ့ ရှေ့နေချုပ်ဒေါ်သီတာဦးကခေါင်းဆောင်ပြီး နိုင်ငံတကာဥပဒေအကျိုးဆောင် ၄ဦးက ဥပဒေကြောင်းအရငြင်းဆိုတဲ့အချက်အလက်တွေတင်ပြသွားတယ်..
- မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကိုမျိုးတုန်းအောင်လုပ်ခဲ့ခြင်းရှိမရှိ.. Genocide Convention လို့ခေါ်တဲ့ ဂျီနိုဆိုက်ပဋိဉာဏ်ကိုချိုးဖေါက်ခဲ့ခြင်းရှိမရှိဆိုတာထက်
ဒီအကြောင်းအရာတွေနဲ့ပါတ်သက်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ ဦးတိုက်လျှောက်ထားမှုကို ICJ က လက်ခံလို့ရ/မရ ဆိုတဲ့ Technical knock out point ဥပဒေရေးရာ စည်းမျဉ်းလစ်ဟာချက်တွေကိုဘဲ အဓိကထားငြင်းဆိုသွားတယ်..
ငြင်းဆိုချက် ၄ ချက်ပါဝင်တယ်
---
၁- Genocide Covention လက်မှတ်ထိုးထားတဲ့နိုင်ငံတွေအနေနဲ့ လက်မှတ်ထိုးထားတဲ့အဖွဲ့ဝင်နိုင်ငံတခုရဲ့ချိုးဖေါက်မှုကို တခြားအဖွဲ့ဝင်တနိုင်ငံက ICJ မှာဦးတိုက်လျှောက်ထားပြီးတရားစွဲနိုင်တယ်လို့ ပြဌါန်းချက်မှာပါရှိတယ်..
ဒါပေမဲ့
လက်မှတ်မထိုးထားတဲ့တခြားနိုင်ငံတခုခု
ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းတခုခု
ဒါမှမဟုတ် အစိုးရမဟုတ်တဲ့အဖွဲ့တခုခုကတော့ ICJ တရားရုံးကိုအခုလိုအသုံးချလို့မရဘူး..
ဂမ်ဘီယာဟာ စာချုပ်ရေးထိုးထားတဲ့နိုင်ငံဖြစ်ပေမဲ့ အခု ICJ မှာ မြန်မာနိုင်ငံကိုတရားစွဲတာဟာ သူကိုယ်တိုင်အနေနဲ့တရားစွဲတာမဟုတ်ဘူး..
OIC လို့ခေါ်တဲ့ (ဘင်္ဂလားဒေရှ် မလေးရှား ဆော်ဒီ စတဲ့နိုင်ငံ ၅၀ ကျော်ပါတဲ့) အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ရဲ့ညွှန်ုကြားချက်နဲ့ ကြားကိုယ်စားလယ်လုပ်ပြီးစွဲပေးတာ..
ဒီလိုလုပ်ဘို့ OIC ရဲ့ဆုံးဖြတ်ချက် ညွှန်ကြားချက်တွေ ဘဏ္ဏာရေးပံ့ပိုးမှုတွေကို မြန်မာဘက်ကအထောက်အထားတွေတင်ပြတယ်..
အဓိက point (၁)
"ကြားပေါက်ကိုယ်စားလယ်လုပ်ပြီး တရားစွဲတာကို ICJ ကလက်ခံခွင့်မရှိဘူး.. လက်ခံခဲ့တဲ့သာဓကမရှိဘူး.. တရားစွဲခွင့်မရှိသူတွေကဒီလိုတဖက်လှည့်နဲ့ circumvent လုပ်လာတာမျိုးကို အစဉ်အလာဖြစ်မသွားစေသင့်ဘူး"
---
၂- မြန်မာပြည့်အနောက်မြောက်ဖက်မှာဖြစ်ပွါးခဲ့တယ်ဆိုတဲ့လူ့အသိုင်းအဝိုင်းတခုရဲ့အရေး(ရိုဟင်ဂျာအရေး)မှာဂမ်ဘီယာနိုင်ငံနဲ့တိုက်ရိုက်ပါတ်သက်မှုမရှိဘူး.. နစ်နာမှုတစုံတရာဘာမှမရှိဘူး..
ဂမ်ဘီယာဟာ Injured State နစ်နာတဲ့နိုင်ငံမဟုတ်ဘူး..
မြန်မာနိုင်ငံကကျုးလွန်ခဲ့တယ်လို့ဆိုတဲ့ လူအခွင့်အရေးချိုးဖေါက်မှု အစုလိုက်အပြုံလိုက်သတ်ဖြတ်ကျုးလွန်မှုဆိုတာတွေနဲ့ပါတ်သက်လို့လဲ ဂမ်ဘီယာမှာ ဘာတခုမှကိုယ်ပိုင်သက်သေအထောက်အထားမရှိဘူး.. FFM လိုတခြားအဖွဲ့အစည်းတွေကရေးထားတဲ့အစီရင်ခံစာတွေကိုကိုးကားနေတာဖြစ်တယ်..
ဒီလို ကြားကလုပ်ပေးတဲ့အတွက် ဂမ်ဘီယာနိုင်ငံဟာ OIC လို့အဖွဲ့အစည်းတွေဆီက(နိုင်ငံရေးစီးပွါးရေး)ဘယ်လိုအကျိုးအမြတ်ရမလဲလို့တောင်မသိနိုင်ဘူးလို့ မြန်မာဘက်ကမေးခွန်းထုတ်တယ်
အဓိက point (၂)
"တိုက်ရိုက်ထိခိုက်နစ်နာမှုမရှိတဲ့ အဝေးကြီးက ဂမ်ဘီယာလိုနိုင်ငံရဲ့စွဲချက်ကို ICJ ကလက်မခံသင့်ဘူး"..
---
၃- ၁၉၄၈ ခုနှစ် Genocide Convention ကိုလက်မှတ်ထိုးခဲ့စဉ်က မြန်မာနိုင်ငံဟာ ချွင်းချက်တွေနဲ့လက်မှတ်ထိုးခဲ့တာဖြစ်တယ်..
အပိုဒ် ၈ ကို ချွင်းချက်ထားခဲ့တယ်..
(စာချုပ်ကိုလက်မှတ်ထိုးပေမဲ့ ပဋိဉာဉ်ဖေါက်ဖျက်တဲ့အဖွဲဝင်တနိုင်ငံကို တခြားအဖွဲ့ဝင်တနိုင်ငံက (ICJ လို)ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတခုခုမှာတင်ပြအရေးယူနိုင်ရေးဆိုတဲ့အချက်ကိုမြန်မာကချွင်းချက်ထားခဲ့တာဖြစ်တယ်..)
မြန်မာကသဘောတူခဲ့တဲ့ အပိုဒ် ၉ က ဒီအပိုဒ် ၈ ချွင်းချက်ကိုခြေဖျက်သလိုဖြစ်တယ်လို့ယူဆလို့ရသလိုဖြစ်နေပေမဲ့ အပိုဒ် ၈ ချွင်းချက်ဟာ သူ့ဘာသူအတိအကျရှိနေတဲ့မြန်မာကလက်မခံနိုင်တဲ့အချက်ဖြစ်တယ်လို့ မြန်မာဘက်ဥပဒေအကျိုးဆောင်တွေကပြောတယ်
အဓိက Point (၃)
"Genocide ပဋိဉာဉ်စာချုပ်ကိုမြန်မာက ၁၉၄၈ ကထဲကလက်မှတ်ထိုးခဲ့ပေမဲ့ နိုင်ငံအချင်းချင်းတရားစွဲတာတွေဘာတွေနဲ့ပါတ်သက်ပြီးသဘောမတူဘဲချွင်းချက်အတိအကျထားခဲ့ပြီးဖြစ်တယ်.."
---
၄- ICJ မှာဦိးတိုက်လျှောက်ထားမှုမပြုခင် စာချုပ်အဖွဲ့ဝင်၂နိုင်ငံအကြားအမှန်တကယ်အငြင်းပွါးမှု established dispute ရှိရမယ်ဆိုတဲ့သတ်မှတ်ချက်ရှိတယ်..
ဂမ်ဘီယာနဲ့ မြန်မာအကြား ဒီကိစ္စအတွက်အငြင်းပွါးမှုမရှိခဲ့ဘူး..
- ၂၀၁၉ အောက်တိုဘာ ကုလသမဂ္ဂညီလာခံမှာ ဂမ်ဘီယာကဗြုန်းစားကြီးထပြီး OIC ရဲ့ကိုယ်စားမြန်မာရိုဟင်ဂျာအရေးအတွက်ဦးဆောင်လုပ်ကိုင်သွားမယ်လို့ပြောခဲ့တယ်..
- နောက်၂၀၁၉ နိုဝင်ဘာမှာနယူးရောက်မြို့မြန်မာကုလကိုယ်စားလယ်အဖွဲဆီ ဂမ်ဘီယာက စာမျက်နှာ ၂မျက်နှာပါစာတစောင်ပို့တယ်..
- ဒီစာမှာ ဘာအထောက်အထား.. ဘာတွေဆောင်ရွက်ပေးရမယ် ဘယ်လိုဆက်လက်အရေးယူမယ်ဆိုတာတွေအတိအကျမပါဘူး.. ဘယ်အချိန်ဘယ်လိုတုန့်ပြစေချင်တယ်ဆိုတဲ့သတ်မှတ်ချက်လဲမပါဘူး..
- မြန်မာဘက်က ဒီစာကိုမတုန့်ပြန်ဘူး..
- ဒါကြောင့် ရိုဟင်ဂျာအရေးကိစ္စ ၂ နိုင်ငံအကြားရှင်းမရတဲ့ပြဿနာကို ICJ အထိလျှောက်ထားရတာပါလို့ ဂမ်ဘီယာကအကြောင်းပြတယ်..
တကယ်တမ်းမှာတော့ ဂမ်ဘီယာကပေးပို့တဲ့စာဟာ သာမန်နိုင်ငံရေးအမြင်ထုတ်ဖေါ်မှုသဘောထက်မပိုဘူးလို့ မြန်မာဘက်က အခု ICJ မှာငြင်းတယ်..
ဒါလောက်ကို ၂နိုင်ငံအကြားအငြင်းအခုန်ပြဿနာတခုလို့ယူဆလိုမရနိုင်ဘူးလို့လဲပြောတယ်..
OIC ရဲ့ညွှန်ကြားဆုံးဖြတ်ချက်တွေအရ မြန်မာနိုင်ငံကို ICJ မှာ ဂမ်ဘီယာကတရားစွဲဆိုနိုင်ရေးအဆင့်တခုလိုအပ်ချက်တခုအဖြစ်သက်သေပြနိုင်ရေး စာတစောင်ပို့ပြီး တက်သုတ်နှင်အကွက်ဆင်ခဲ့တာဖြစ်ကြောင်း မြန်မာဘက်ကပြောတယ်..
အဓိက point (၄)
"မြန်မာနဲ့ ဂမ်ဘီယာအကြားမှာ Genocide စွပ်စွဲချက်နဲ့ပါတ်သက်ပြီးတစုံတရာအပြန်အလှန်ငြင်းခုန်တာမျိုးတောင်မရှိခဲ့တဲ့အတွက် ဂမ်ဘီယာရဲ့ ICJ မှာတရားစွဲဆိုလျှောက်ထားမှုဟာအဆင့်ကျော်နေတယ်"
---
ဒီအကျဉ်းချုံးကိုထပ်ပြီးခြုံငုံပြောရယင်တော့
ICJ တရားရုံး Rohingya Genocide ကျုးလွန်မှုစွပ်စွဲချက်ကြားနားပွဲမှာ မြန်မာဘက်ကရင်ဆိုင်တဲ့နည်းလမ်းဟာ
- ကျုးလွန်မှု/မကျုးလွန်ခဲ့မှုဆိုတာတွေကိုငြင်းခုန်သက်သေပြမနေဘဲ
- "အခုအမှုမှာစွပ်စွဲသူဟာစွပ်စွဲခွင့်ရှိရဲ့လား..
- ICJ ရဲ့လုပ်ထုံးလုပ်နည်း. Genocide Convention စည်းမျဉ်း စတာတွေနဲ့ကိုက်ညီရဲ့လား"ဆိုတာကို ပြန်လှန်မေးခွန်းထုတ်တင်ပြပြီး Technical knockout အဖြစ် "တရားစွဲမှုအရာမမြောက်ကြောင်း"ယတိပြတ်ငြင်းဆိုခဲ့တာဖြစ်တယ်..
---
လာမဲ့ ဗုဒ္ဓဟူးနေ့မှာ ဂမ်ဘီယာက ၃ နာရီကြာဘာတွေထပ်ပြောမယ် အဲဒီနောက် တယောက်တလှည့်စီ တနာရီခွဲစီအချိန်ယူပြီး ဖေဖေါ်ဝါရီ ၂၅ နဲ့ ၂၈ ရက်တွေမှာဘာတွေထပ်ပြီးအဆုံးသတ်တင်ပြကြမယ်ဆိုတာစောင့်ကြည့်ရဦးမယ်..
---
ကျနော့အမြင်ပြောရယင်တော့ မြန်မာဘက်ကထောက်ပြတဲ့ Techinical လုပ်ထုံးဘောင်ကျော်အချက်တွေဟာ ICJ အတွက် အတော်စဉ်းစားရကြပ်မဲ့အချက်တွေပါ..
အချိန်ယူပြီးသုံးသပ်ဆုံးဖြတ်ချက်ချရမယ်ထင်ပါတယ်..
ဒီအမှုကိုလက်ခံစိစစ်ရမယ်လို့ဆုံးဖြတ်လိုက်ရင်တောင် တကယ်တမ်းမြန်မာကဘယ်လိုထပ်တုန့်ပြန်မလဲဆိုတာလဲအတိအကျမသိနိုင်သေးပါဘူး..
---
ကြားနာစိစစ်မှုတွေဆက်လုပ်တယ်ဆိုဦးတော့..
နိုင်ငံတနိုင်ငံမှာ Genocide အမှုကြီးကျုးလွန်ခဲ့တယ် မကျုးလွန်ခဲ့ဘူးဆိုတဲ့ဆုံးဖြတ်ချက်အထိရောက်ဘို့ဆိုတာဟာ အနည်းဆုံးတော့နောက်ထပ် ၅ နှစ် ၆ နှစ်လောက်ကြာဦးမှာဘဲဖြစ်ပါတယ်..
သန်းလွင်ထွန်း
၂၁ ဖေဖေါ်ဝါရီ ၂၀၂၂
Comments
Post a Comment