ပွန်းလေးတွေ




(၁) အကြမ်းဖတ်တိုက်ခိုက်သတ်ဖြတ်မှု့တွေကိုချက်ခြင်းရပ်ပါ။
(၂) အားလုံးပါဝင်နိုင်တဲ့တွေ့ဆုံဆွေးနွေးရေးကို စတင်ဆောက်ရွက်ပါ။
(၃) အာဆီယံဥက္ကဌက ကြားဝင်ဆောင်ရွက်မဲ့ကိစ္စကိုလက်ခံပါ။ ဒီကိစ္စမှာ အထွေထွေအတွင်းရေးမှုးချုပ်လည်းပါမယ်။
(၄) အာဆီယံက လူသားခြင်းကူညီမဲ့ အထောက်အပံ့ကိုလက်ခံပါ။
(၅) အာဆီယံဥက္ကဌအပါအဝင် မြန်မာနိုင်ငံရဲ့အထူးသံတမန်တွေကို အားလုံးသောတွေ့သင့်တွေ့ထိုက်သူတွေနဲ့တွေ့ဆုံခွင့်ပြုပါ။ (ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်အပါဝင်ပေါ့)

အထက်ပါ ငါးချက်က ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့အာဆီယံတို့သဘောတူညီချက်။ အင်္ဂလိပ်လိုကတော့ Five consensus လို့ခေါ်တယ်။ ဒီကိစ္စကို အကောင်အထည်ဖော်ဖို့မြန်မာနိုငံက ပျက်ကွက်တယ်လို့ထင်ကြတယ်။ ဒါ့ကြောင့် အမေရိကန်ကလည်း တပ်မတော်ကို တွေ့ဆုံခွင့်၊ အစည်းအဝေးတက်ခွင့်ပိတ်ထားတယ်။ 
ဒီနေရာမှာ မေးစရာမေးခွန်းရှိတာက မလုပ်နိုင်ရင် ဘာဖြစ်လို့ဗိုလ်ချုပ်မှုးကြီးက သဘောတူလဲ။ သဘောမတူဘူးလို့ပြောလို့ရတာပဲ မဟုတ်ဘူးလား။ ယနေ့ဖြစ်နေတဲ့ အကြမ်းဖတ်လူသတ်မှုတွေဟာ NLD/PDF/NUG တွေက စတင်တိုက်ခိုက်လို့ပြန်တိုက်နေရတဲ့ဖြစ်စဉ်။ မြန်မာနိုင်ငံနဲ့အာဆီယံတို့ဆိုတာ နှစ်ပေါင်းများစွာ ကိုယ့်ပြည်တွင်းရေးကို ဝင်ရောက်စွတ်ဖက်လို့မရတဲ့မူရှိတယ်။ ဆိုတော့ အာဆီယံနဲ့မြန်မာ့အရေး ဘာဆိုင်လဲ။ အားလုံးပါဝင်နိုင်တဲ့တွေ့ဆုံဆွေးနွေးရေးကိစ္စကိုလည်းကြည့်အုံး။ အားလုံးဆိုတာ ဘယ်သူတွေကိုပြောတာလဲ။ ကျနော်လည်းပါလို့ရမှာလား။ အာဆီယံက မြန်မာနိုင်ငံကိုပေးမဲ့အကူအညီ (Humanitarian assistance) ကိစ္စက ပြဿနာမရှိဘူး။ အလကားရတာပဲ။ ယူမှာပေါ့။ 

အာဆီယံက သူတို့တွေ့ချင်နေတဲ့လူတွေနဲ့တွေ့ခွင့်ပေးပါဆိုတော့ မြန်မာ့ပြည်တွင်းရေးဟာ သူတို့နဲ့ဘာဆိုင်လဲ။ အာဆီယံရဲ့ပြည်တွင်းရေးကို မြန်မာက ဘယ်နှစ်ခါဝင်ရှုပ်ခဲ့လဲ။ တခါမှ မရှုပ်ဘူး။ ဆိုတော့ ဒီပြဿနာမှာ အာဆီယံက လိုတာထက် ပိုပြီးဖိအားပေးတယ်။ ကိုယ့်ကိစ္စလည်း မဟုတ်ဘူး။ ပြီးတော့ အမေရိကန်အားကိုးနဲ့မိုက်တယ်။ 

အာဆီယံနိုင်ငံတွေရဲ့နိုင်ငံရေးကိုပြန်ကြည့်စမ်းပါ။ အားလုံးက အာဏာရှင်နိုင်ငံတွေချည်းပဲ။ ဒီမိုကရေစီစစ်စစ် ဘယ်သူရှိလဲ။ ကန်ဘောဒီးယားကိုကြည့်။ ထိုင်းကိုကြည့်။ ဗီယမ်နမ်ကိုကြည့်။ အကုန်လုံးက သူမသာ ကိုယ်အသုဘဗျ။

ဒါ့ကြောင့် မြန်မာနိုင်ငံက ဘုံသဘောတူချက် ငါးချက်ကို မလုပ်တာပဲ။ မလုပ်ချင်ရင် ဘာဖြစ်လို့ဗိုလ်ချုပ်မှုးကြီးက သဘောတူခဲ့လဲ။ ဒါက အမှားကြီးမှားတဲ့အချက်။ ကျနော် ညက အရက်မူးသွားလို့သဘောတူခဲ့တာပါဆိုပြီး ရွှီးလို့လည်းမရတဲ့ အမှားကြီး။ 

ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံက ခေါင်းဆောင်အနောက်ကိုတော့ သစ္စာရှိရှိလိုက်ရမှာပဲ။ သူဘာတွေသဘောတူခဲ့ တူခဲ့၊ ထောက်ခံရမှာပဲ။ ဒါက ပြည်တွင်းရေးဖြစ်သွားပြီ။ ဒါက အမျိုးသားရေးဗျ။ ပြည်ပနိုင်ငံတွေက မြန်မာ့အရေးကို ဝင်ရှုပ်ရင် ကန့်ကွက်ရမှာက နိုင်ငံသားတိုင်းရဲ့တာဝန်။ ဒါက နိုင်ငံတော်လုံခြုံရေးကိစ္စ။ သူများနိုင်ငံတွေရဲ့ဖက်ကိုလိုက်ရင် နိုင်ငံတော်သစ္စာဖောက်မှု့လို့ခေါ်တယ်။ ရှင်းလား။ 

အာဆီယံ ပြောတဲ့အတိုင်းလုပ်လည်း ကျနော်တို့က ဘာမှမရဘူး။ မလုပ်လည်း ဘာမှမရဘူး။ အဲဒိလိုဆရာလုပ်တာကိုတော့ မခံကြနဲ့။ 

လက်ရှိအစိုးရမှာ အတွင်းအပြင် ဖိအားတွေရှိနေတယ်။ စီးပွားရေးအကျပ်အတည်းကလည်း ရင်ဆိုင်နေရတယ်။ လက်နက်ကိုင်ပြည်တွင်းစစ်ကိစ္စကလည်းရှိတယ်။ အကြမ်းဖတ်သတ်ဖြတ်မှု့တွေကလည်း နေရာတကာဖြစ်နေတယ်။ ဒီဟာကို ကြီးသထက်ကြီးအောင် မီးမွှေးမဲ့လူတွေကတော့ NUG/NLD/PDF/CRPH နဲ့လက်နက်ကိုင်တချို့။ တိုင်းပြည်က မတည်မငြိမ်ဖြစ်နေတာကို အပြုသဘောဆောင်ပြီး ဝိုင်းထိန်းကြမယ်၊ ကူညီကြမယ်ဆိုတာ မရှိဘူး။ ပိုပြီး အကျပ်အတည်းဖြစ်အောင် ထပ်လုပ်နေကြတယ်။ စစ်အာဏာသိမ်းခဲ့တဲ့ကိစ္စကလည်း ပြီးခဲ့ပြီ။ သဘောထားကြီးကြီးထားပြီး နောက်ရွေးကောက်ပွဲကို အမြန်ဆုံးဖြစ်အောင် တည်ငြိမ်နေဖို့က သိပ်အရေးကြီးတယ်။ 

ဒါကိုမလုပ်ပဲ ငါတို့အာဏာရ၊ ငါတို့ပါမှ၊ ငါတို့မပါရင် ပတ်မကြီးကို ထိုးဖောက်မယ်ဆိုလို့ကတော့ တိုင်းပြည်ရဲ့အခြေအနေက အကြမ်းဖတ်သတ်ဖြတ်မှု့တွေနဲ့ ပိုဆိုးလာလိ့မ်မယ်။ 

ဒါ့ကြောင့် တပ်မတော်အနေနဲ့ ဆူပူသူပုန်ထမှု့ကို ထိထိရောက်ရောက်အမြန်ဆုံး အဆုံးသတ်ဖို့လမ်းပဲရှိတော့မယ်။ ဘယ်သူ့ကိုမှ ခွင့်မလွှတ်နဲ့။ ဘယ်သူ့ကိုမှ အလျှော့ပေးဆက်ဆံတာ မလုပ်နဲ့။ ဒီပွဲက ခင်ဗျားတို့ရှုံးရင် ခင်ဗျားတို့အပြင်၊ ခင်ဗျားတို့မိသားစုပါ ထောင်ထဲရောက်မဲ့ အခြေအနေ။ ဟိုကောင်တွေကလည်း လက်လျှော့မှာမဟုတ်ဘူး။ 

တပ်မတော်ကသာ ရှုံးရင်၊ တိုင်းပြည်က ပြိုကွဲပြီ။ တပ်မတော်ကလည်း ဘယ်တော့မှ ရှုံးမှာမဟုတ်ဘူး။ 
လွတ်လပ်ရေးရပြီး ကာလအခြေအနေတုန်းကဆိုရင် ကေအန်ယူနဲ့ဗကပက တနိုင်ငံလုံးကို စိုးမိုးအုပ်ချုပ်နေတဲ့ကာလ။ လက်နက်နဲ့လူအင်အား သိပ်ကြီးတယ်။ ဒါတောင် တပ်ကို မနိုင်ဘူး။ ဗကပကိုတရုတ်က ပေးတဲ့အကူအညီဆိုတာ ဒေါ်လာသန်းထောင်ဂဏန်းလောက်ရှိတယ်။ 

နောက်တခါ ဦးနုတို့တောခိုတော့ ဝန်ကြီးတွေချည်းပဲ။ အမေရိကန်ကလည်းပေးတယ်။ အိန္ဒိယကပေးတယ်။ ဒါလည်း တပ်မတော်ကိုမနိုင်ဘူး။ 

၁၉၉၀-မှာ ဒေါ်စုရဲ့အမျိုး ဒေါက်တာစိန်ဝင်းတို့တောခိုပြန်တော့လည်း စင်ပြိုင်အစိုးရဖွဲ့ခဲ့တာပဲ။ နိုင်လား။ သူတု့ိလည်း ဒေါ်လာတွေရခဲ့ကြတယ်။ 

အခု NUG ဘာရလဲ။ ဘယ်မလဲ တပ်မတော်။ ဘယ်မလဲ လက်နက်ကိုင်အင်အား။ ရှိတာက ဖွတ်ချက် ဖွတ်ချက်။ 

လက်ရှိမြင်တွေ့နေရတဲ့ ဒလန်သတ်ပွဲကြီးက လေးငါးခြောက်ယောက်။ မိထ္ထီလာအရေးတောင် သူ့ထက်ပိုများသေးတယ်။ ရခိုင်ဖက်နဲ့ယှဉ်ကြည့်။ ဘယ်လိုနိုင်မလဲ ဒီစစ်တပ်ကြီးကို။ ပြည်သူလူထုက NUG ကိုထောက်ခံတယ် ဟုတ်လား။ ပါးစပ်ကပဲ ထောက်ခံလို့ရတယ်။ ရှုပ်ရှုပ်လုပ်တာနဲ့တပ်က အိမ်တွေနဲ့စီးပွားရေးလုပ်ငန်းတွေကို သိမ်းမှာ။ ဘယ်ကောင်မှ မလှုပ်ရဲဘူး။ 

မင်းကိုနိုင်တို့ပြောတဲ့ နိုင်မြင်းကိုကမ္ဘာကြီးက လောင်းမှာဆိုတော့ အဲဒိနိုင်ငံတွေက လေနဲ့ပဲ အားပေးထောက်ခံလာတာ နှစ်ပေါင်း လေးငါးဆယ်မကတော့ဘူး။ သူတို့သာ လုပ်ရဲရင် ဒေါ်လာသန်းထောင်ချီပေးပြီး လက်နက်ထောက်ပံ့တာကြာပြီပေါ့။ ဘာမှဖြစ်မလာဘူး။ 

ဆိုတော့ အဖက်ဖက်ကတွေးကြည့်ရင် စစ်အစိုးရအနေနဲ့ အတွင်းအပြင် ဖိအားတော့ရှိတယ်။ သို့သော် သူတို့အတွက် ပါးပါးလေးပါ။ ငွေလိုချင်ရင် တရုတ်ဆီက ချေးလို့ရတယ်။ လက်နက်လိုချင်ရင် ရုရှကိုပြောယုံပဲ။ ဖင်ခုထိုင်ထားတဲ့ သယံဇာတကလည်း ရှိသေးတယ်။ တတိုင်းပြည်လုံးကို ချုပ်ကိုင်ထားတယ်။ 
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကိုလည်းကြည့်။ ဝတပ်ဖွဲ့ကစလို့၊ ရှမ်းပြည်နယ်က ပအိုဝ့်အဖွဲ့ထိ ငြိမ်။ အားလုံး တပ်နဲ့ပူးတွဲလှုပ်ရှားနေကြတယ်။ 

ကေအန်ယူထဲမှာလည်း ပြန်တိုက်ချင်တဲ့လူနဲ့မတိုက်မဲ့လူက ကွဲနေတယ်။ ဘယ်အဖွဲ့မဆို ကွဲနေတယ်။ NUG က လိုက်ဖားပြီး လက်နက်ကိုင်တွေကို အသားကုန်လိုက်ကပ်နေတာက ဒါမှ သူတို့နေလို့ရမှာပေါ့။ ခိုအောင်းလို့ရမှာပေါ့။ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကမှ သူတို့ကို အထင်မကြီးဘူး။ ငွေလည်း မပေးနိုင်၊ လက်နက်လည်းမရှိ။ လေပဲရှိကြတယ်။ 

ခင်ဗျားတို့ ကြိုက်တဲ့လူကိုမေး။ စစ်တပ်က ငြိမ်းဝပ်ပိပြားအောင်ထိန်းလိုက်တာ ခြောက်လမကတော့ဘူး။ ဘယ်ပညာရှင်ကိုမေးမလဲ၊ ဘယ်နိုင်ငံခြားသားကိုမေးမလဲ။ ကြိုက်တဲ့လူကိုမေး။ "နိုင်ပြီးသား မြင်းက စကစ"ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ ငြိမ်းချမ်းရေးမယူရင် ယူတဲ့လူနဲ့တပ်က ဆက်လုပ်မယ်။ မယူတဲ့လူနဲ့ဆက်တိုက်မယ်။ 

NUG/PDF တွေကတော့ နောက်ထပ်သုံးလေးနှစ်အထိ နိုင်ငံခြားကနေ အာလူးဖုတ်။ ရွှီး။ ဆူရှီလိပ်။ ညနေအလုပ်ကပြန် ဘီယာဂလု။ အသက် (၆၀) လောက်ကြရင် သေ။ သေတဲ့အခါ ခွပ်ဒေါင်းအလံလေး အုပ်။ ကမ္ဘာမကျေဘူးလို့ပြော။သီချင်းဆို။ အလေးပြု။ နေမြဲ။ ပလဲတွေ ခပြ။ ဒါပဲရမယ်။ အာဏာတော့ မရဘူး။ "အာ"တာတော့ ရမယ်။

ပြည်တွင်းကိုပြန်ချင်ရင် နယ်စပ်ကနေ ခိုးပြန်။ စကစ ဘလက်လစ်ပေး။ မသေတဲ့လူက ကြာလာတော့ အိမ်လွမ်းဝေဒနာကြောင့်ဂေါက်။ ပိုပြီး ဂလု။ ကျနော်တို့လို ဖြစ်မှာပဲ။ အဲဒိလိုလူတွေ နယ်စပ်မှာ ဝဲစွဲနေတာ တပုံကြီး။ ထိုင်းနယ်စပ်မှာ ရတဲ့အလုပ်ကို လုပ်။ တခါတလေ ထိုင်းရဲက ဖမ်း။ အသတ်ခံရ။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ အဆင်မပြေရင်လည်း အသတ်ခံရ။ နောက်ဆုံးတော့ ငါတို့တော်လှန်ရေးလုပ်ခဲ့တာ မှားပြီလို့ထင်ကုန်ကြရော။ ကြာကြာ အရည်မရ အဖတ်မရ အလုပ်ကို ဘယ်သူမှ မလုပ်နိုင်ဘူး။ ငတ်တာကိုးဗျ။
ကျနော့်မိတ်ဆွေက NLD (LA) မှာ နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ဖူးတယ်။ တပ်မတော်က စစ်ပြေး။ ခလေးစစ်သား။ ကေအန်ယူဂွင်ထဲမှာပြေးလာပြီး တောခိုတယ်။ ကေအန်ယူက သူ့ကို NLD (LA)  လက်ထဲမှာ အပ်ပေးတယ်။ ကံကောင်းလို့ အမေရိကန်ရောက်လာတယ်။ ထိုင်းနယ်စပ် ဒုက္ခသည်စခန်းထဲက ခလေးနှစ်ကောင်ရဲ့လက်ကိုဆွဲ။ ပိန်လှီ။ အဝတ်အစား အစုတ်နဲ့ ကြွတ်ကြွတ်အိပ်လေးဆွဲပြီး အမေရိကန်ကိုရောက်လာတယ်။ သူလည်း တောထဲမှာ ဆယ်ငါးနှစ်လောက် စစ်တိုက်ခဲ့တယ်။ သူကပြောတယ်။ ကျနော်တို့က ပွန်းလေးတွေပါဗျာတဲ့။ ချကျွေးခဲ့ရတဲ့လူတွေပါတဲ့။ သိပ်မှန်တယ်။ ကျနော်တို့က ပွန်းလေးတွေ။ လက်ရှိတောထဲမှာ "ပွန်းလေး" အများကြီးပဲ။ တပ်ကပြေးလာတဲ့ ပွန်းလေးတွေလည်း အများကြီး။ သိပ်မကြာဘူး ကျနော်ပြောတာ မှန်မမှန်သိချင်ရင် (သုံးနှစ်လောက်ကြာလာရင်) ဒီစာကိုပြန်ဖတ်ကြည့်ပါလို့ပဲ အကြံပေးချင်တယ်။ 

ဘုန်းကျော် (သြစတျေးလျ)
၁၇၊ ၀၅၊ ၂၀၂၂

Comments