ကျော်ဟိန်းရေးထားတာလေး ကောင်းလို့ပါ။
ရုပ်ရှင်အကြောင်း ဘာမှ မပါဘူးနော်။
ကျွန်တော်တို့ အားလုံးနဲ့ ဆိုင်နေလို့ ဖတ်စေချင်လို့ပါ။
သဘာဝကိုလက်ခံပါ
•••••••••••••••••••••••••
ကျော်ဟိန်း
စာရေးချင်နေတယ်။ ဒီအချိန်မှာ တစ်ခုခုချရေးလိုက် ရင် စာတစ်ပုဒ်တော့ ရမှာပဲ။ တစ်နေ့က သေသွားတဲ့ ကိုကိုကြီး အကြောင်းဆိုရင် စာတစ်ပုဒ်တင်မကဘူး။ ရေးနိုင်ရင် ရေး နိုင်သလောက် လုံးချင်းဝတ္ထုရှည် လေးအုပ်စာလောက် ထွက်နိုင်တယ်။
ဒီလူနဲ့ ပတ်သက်ခဲ့တဲ့ မိန်းမတွေရဲ့ အကြောင်းဆိုရင် နှစ်အုပ်စာလောက် ရှိမယ်။
ဒီလိုဗျာ . ကိုကိုကြီးက ပိုက်ဆံရှိတယ်။ ပိုက်ဆံရှိတယ်ဆိုတာ ဆွေစဉ်မျိုးဆက်ရှိတာ မဟုတ်ဘူး။ သူ့လက်ထက် ကျမှ ရှိလာတာ။
ဒီလူက အလုပ်သိပ်လုပ်တယ်။ သဘာဝကို ဆန့်ကျင် ပြီးတော့ကို လုပ်တယ်။ ဘယ်လောက်ထိ လုပ်သလဲဆိုရင် သူများတွေ အိပ်တဲ့အချိန်မှာ သူအလုပ်လုပ်တယ်။ သူများတွေ ထမင်းစားနေတဲ့အချိန်မှာ သူအလုပ်လုပ်တယ်။ သူများတွေ နားနေတဲ့အချိန်မှာ သူအလုပ်လုပ်တယ်။
သူ့အယူအဆက တစ်မျိုး။ သူအလုပ်လုပ်နေတုန်း ထမင်းစားဖို့ခေါ် ရင် အရမ်းစိတ်ဆိုးတယ်။ အဲဒီအခါမျိုးကျ ရင် ပါးစပ်က ဗျစ်တောက်ဗျစ်တောက်နဲ့ ပြောသေးတယ်။ ဒီထမင်းစားတာကို ဘယ်သူက ထွင်သွားတာလဲတဲ့ .... ကဲ ...။
ဟိုးရှေးရှေးကတည်းက ထမင်းစားတယ်ဆိုတာမျိုး မရှိခဲ့ရင် အခုလူတွေလည်း စားကြမှာမဟုတ်ဘူးဆိုပြီး ရှေးတုန်းကလူတွေကို အပြစ်တင်နေတဲ့ လူစားမျိုး။
အဲ... ညတိုင်းအိပ်ဖို့ ခေါ်ရင်လည်း သူက စိတ်ဆိုး ပြန်တယ်။ မအိပ်ရင် မရဘူးလားတဲ့။ ဆိုတော့ သူပိုက်ဆံရှိတာ မဆန်းဘူးလေ။ အလုပ်လုပ်တော့ အလုပ်လုပ်ခြင်း အကျိုးကြောင့် သူဟာ ကြီးပွားလာတယ်။ ကြီးပွားတယ်ဆိုတာ မူလ ဆင်းရဲရာကနေ ချမ်းသာလာတာကို ပြောတာ။ ပြီးတော့ သူ့ရုပ်ရည်က နည်းနည်းဖြူးတယ်။ အဲ . . . တစ်ခုပဲ သူ့မှာ ပြောစရာရှိတယ်။ သူက ပညာသိပ်မတတ်ဘူး။ (၆) တန်းပဲ အောင်တယ်။ ဒါကလည်း သူ့အနေနဲ့ ဒီ(၆) တန်းအောင်တယ်၊ မအောင်ဘူးဆိုတာက သိပ်အရေးမကြီးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့အတွက် အရေးကြီးဆုံးဟာ ငွေပဲ။
အဲဒီငွေကို သူက နေ့မအိပ်၊ ညမအိပ် အရူးအမဲသား ကြိုက်သလို သဲကြီးမဲကြီးနဲ့ရှာတယ်။ ရှာတော့ရတယ်။ ရုပ်ကလည်းဖြောင့်၊ ပိုက်ဆံကလည်းရှိတော့ သူပညာမတတ် တာဟာ သူ့ရဲ့ပိုက်ဆံရှိမှုအောက်မှာ ပျောက်ကွယ်သွားတယ်။
အဲတော့ဗျာ သူ့ပတ်ဝန်းကျင်မှာ အမျိုးသမီး လှလှ လေးတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာတယ်။ ဒီနေရာမှာလည်း သူက သဘာဝကို ဆန့်ကျင်ပြန်တယ်။ အိမ်ထောင်ပြုတယ်ဆိုတာ မိန်းမတစ်ယောက်ရဲ့ လက်ထဲမှာ ခိုင်းချင်ရာခိုင်းဖို့ ကိုယ့်ဘဝကို အချုပ်အနှောင်ခံ အပ်နှင်းတာ ပဲဆိုပြီး အိမ်ထောင်မပြုဘူး။ အမျိုးသမီးတွေကို တွဲရုံတွဲတယ်။ တွဲပြီဆိုရင်လည်း (၂) လ (၃) လပဲ ကြာတယ်။
အင်း. ဖြူဖြူဝေဆိုတဲ့ တစ်ယောက်ကိုတော့ (၆) လလောက်ထိ တွဲလိုက်တယ်။ ဒါကလည်းအကြံနဲ့။ ဖြူဖြူဝေရဲ့ မိဘတွေ ဘယ်လောက်ချမ်းသာလဲ၊ ဘယ်လိုချမ်းသာတာလဲ ဆိုတာကို လေ့လာချင်လို့ အဲဒီလောက်ကြာသွားတာ။ ဒီသူ့မှာ အချစ်ဆိုတာ မရှိဘူး။ မေတ္တာဆိုတာ မရှိဘူး။ စေတနာဆိုတာ မရှိဘူး။ လူသားတစ်ဦးမှာ ရှိသင့်တာတွေ မရှိမှုကြောင့် သူနဲ့ပတ်သက်ပြီး အခြေအနေအမျိုးမျိုး ပြောင်း လဲသွားတဲ့ အမျိုးသမီးတွေရဲ့ အကြောင်းဟာ စိတ်ဝင်စားစရာကောင်းတယ်။ သူ့နားကို ရောက်လာတဲ့ အမျိုးသမီးတွေရဲ့ ခြေလှမ်းချင်းကတူတယ်။ ဒါပေမယ့် ပြန်ထွက်သွားတဲ့ ခြေရာ ချင်းက မတူကြဘူး။ အဲဒီအမျိုးသမီးတွေအကြောင်းကိုရေးရင် စာအုပ်နှစ်အုပ်စာလောက် ထွက်မယ်လို့ ပြောတာ။
ဒါပေမယ့် ကျွန်တော့်အနေနဲ့ အဲဒီအကြောင်းတွေ မရေးချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖတ်တဲ့လူအတွက် ဘာ အကျိုးမှ ရမှာမဟုတ်ဘူး။ အရည်မရ၊ အဖတ်မရတဲ့ အကြောင်းတွေကို အချိန်အကုန်ခံပြီး၊ စာရွက်အကုန်ခံပြီး မရေးချင်ဘူး။ ကျွန်တော် ရေးချင်တာက ဒီလူ သေခါနီးမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေလေးကို ရေးပြချင်တာ။ ကိုကိုကြီးရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်က မွေးသက္ကရာဇ် မမှတ်မိ။ လူမျိုးနဲ့ ကိုးကွယ်သည့်ဘာသာက မြန်မာ၊ ဗုဒ္ဓဘာသာ၊ ပညာအရည်အချင်းက (၆) တန်းအောင်၊ မိဘမရှိ၊ အိမ်ထောင်မရှိ၊ နေရပ်လိပ်စာက ရွှေတောင်ကြား။ ဒီလောက်ပဲ။
လောလောဆယ် သူ့အလုပ်အကိုင်က ပိုက်ဆံရတဲ့ အလုပ်မှန်သမျှ အကုန်လုပ်တယ်။ ပွဲစားလည်း လုပ်တယ်။ အရောင်းအဝယ်လည်းလုပ်တယ်။ ငွေတိုးချေးစားတယ်။ ယုတ်စွအဆုံး နေ့စဉ်ယူတဲ့သတင်းစာနှစ်စောင်ကို လကုန်ရင် ပိဿာချိန်နဲ့ ကိုယ်တိုင် ထိုင်ရောင်းတယ်။ အခန်းထဲမှာ ဖျန်းတဲ့ ရေမွှေးဘူးခွံတွေ၊ သောက်ပြီးတဲ့ ဆေးပုလင်းခွံတွေ၊ နို့ဆီခွက် အခွံတွေ ကိုယ်တိုင် ထိုင်ရောင်းတယ်။
တစ်နေ့ ကားအရောင်းအဝယ်ကိစ္စနဲ့ ဒီလူ ပဲခူးသွား တယ်။ အပြန်ကျတော့ ကားမှောက်တယ်။ ကားမောင်းတဲ့သူ ရယ်၊ သူနဲ့အတူတူပါသွားတဲ့ အမျိုးသမီးရယ်ကတော့ ကား မှောက်တဲ့နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်။ သူကတော့ ဇက်ကျိုးသွားတယ်။
ကိုကိုကြီး ပဲခူးကအပြန် ကားမှောက်တယ်ဆိုတဲ့ သတင်းဟာ သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲမှာ တခဏချင်း ပျံ့နှံ့သွားတယ်။ အားလုံး ပြာယာခတ်ကုန်တယ်။ ကား မှောက်တဲ့နေရာသွားကြ၊ သေတဲ့လူနဲ့ပတ်သက်တဲ့ လုပ်စရာရှိ တာတွေ လုပ်ကြ။ ကိုကိုကြီးကို ပြန်ခေါ်လာကြ။ နောက်ဆုံး တော့ ကိုကိုကြီးဆေးရုံရောက်တယ်ဆိုပါတော့။
အဲဒီမှာ ကိုကိုကြီးရဲ့ အရှိန်အဝါ၊ ကိုကိုကြီးရဲ့ အပေါင်းအသင်းများမှု၊ ကိုကိုကြီးရဲ့ ပိုက်ဆံရှိမှုတွေကြောင့် ကိုကိုကြီး ကိုဂရုစိုက်ကြတယ်ပေါ့ဗျာ။ ထိထားတဲ့ ဒဏ်ရာအခြေအနေ ပေါ်မှာ မူတည်ပြီး သေမင်းနဲ့အကြိတ်အနယ် လွန်ဆွဲကြတယ်။ ဒါပေမဲ့ ဒဏ်ရာက သိပ်ပြင်းလွန်းတော့ ဆရာဝန်တွေ ခေါင်းခါကြတယ်။ ကုသလို့မရတော့ဘူးဆိုတဲ့သဘော။
အဲဒီအချိန်မှာ ကိုကိုကြီးအနားမှာရှိတဲ့ လူတွေ အားလုံးဟာ ကိုကိုကြီးရဲ့ အခြေအနေကိုကြည့်ပြီး ဖျောင်းဖျ ကြတယ်။ ဖျောင်းဖျဆိုတဲ့ စကားလုံးကို သုံးရတာက ကိုကိုကြီးဟာ ဇက်ကျိုးနေတာတောင် စကားတော့ပြောနိုင်သေးလို့ပဲ။
ဘာတွေပြောလဲဆိုတော့ သူ့အလုပ်အကြောင်းတွေ၊ ဘယ်အလုပ်က ဘယ်သူနဲ့ဘယ်နေ့ချိန်းထားတယ်၊ ဘယ်သူ့ ဆီက ပိုက်ဆံဘယ်လောက်ရစရာရှိတယ်၊ ဘာညာပေါ့။ အဲဒီတော့ ဘေးကလူတွေက ဒဏ်ရာတွေပြင်းထန်ပြီး ဝေဒနာခံစားနေရတဲ့အချိန်မှာ အလုပ်အကြောင်းတွေ မပြောဖို့၊ ဟိုဟာတွေ ဒီဟာတွေ မစဉ်းစားဖို့၊ ပြုခဲ့ဖူးတဲ့ ကုသိုလ်တောင်း မှုတွေ ပြန်စဉ်းစားဖို့၊ ဗုဒ္ဓမြတ်စွာဘုရားကို အာရုံပြုဆိုပြီး တိုက် တွန်းကြတယ်။
အဲဒီအချိန်မှာ ကျွန်တော်ဟာ ကိုကိုကြီးရဲ့ အသိ အာရုံထဲကို ခဏဝင်ပြီး ခံစားကြည့်တယ်။ ကိုကိုကြီးအကြောင်း သိနေတဲ့ ကျွန်တော့်အနေနဲ့ ဘေးလူတွေ တိုက်တွန်းတာကို ဒီလူ ဘယ်လိုစဉ်းစားမယ်ဆိုတာသိချင်လို့ သူ့စိတ်ထဲ ခဏ ဝင်ကြည့်တာ။
ကိုကိုကြီးဟာ ဘေးက တိုက်တွန်းသံတွေကို ကြားတော့ ကြားတယ်။ အဲဒီတိုက်တွန်းမှုတွေအတိုင်း သူ့ခမျာ လုပ်လို့မရဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘဝမှာ ကောင်းမှုကုသိုလ် လုပ်ခဲ့ဖူးတာ တစ်ခါမှ မရှိဘူး။ ပြီးတော့ သူက ဘုရားရှိခိုးဖူးတာမဟုတ်တော့ ဗုဒ္ဓမြတ်စွာဘုရားကို ဘယ်လို အာရုံပြုရမှန်းမသိဘူး။ ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှု ဆိုတာကလည်းမရှိတော့ ဘယ်လိုကုသိုလ်မျိုးကို စဉ်းစားရမှန်း မသိဘူး ဖြစ်နေတယ်။
ဒီအချိန်မှာ ကိုကိုကြီးရဲ့ စိတ်တွေ ရှုပ်ထွေးနေပုံရတယ်။ အသက်ရှူတာတွေ မြန်လိုက်၊ နှေးလိုက်နဲ့ ဖြစ်နေပြီ။ သူ့ဘဝမှာ သူရှာခဲ့တဲ့ စည်းစိမ်တွေ၊ ငွေတွေဟာ သူနဲ့အတူတူ တည်မြဲနေမယ်လို့ သူက အသေတွက်ထားပုံရတယ်။
ကွေးသောလက် မဆန့်မီ မတည်မြဲဘူးဆိုတဲ့ သဘော တရားဟာ တစ်ချိန်ချိန်မှာ ရက်ရက်စက်စက် သူ့ဘဝကို ပြောင်းလဲပစ်လိုက်နိုင်တယ်ဆိုတာကို ကိုကိုကြီး နားမလည်နိုင် အောင် ဖြစ်နေတယ်။
ဒီသဘာဝတရားကို ခုလိုသေခါနီးကျမှ ကမန်း ကတန်း စဉ်းစားရတာက တစ်မျိုး၊ ကောင်းတာမလုပ်ခဲ့ဖူးတဲ့ ကိုကိုကြီးအဘို့ ဘေးနားက လျှောက်ပြောနေတာတွေကို အာရုံ ပြုလို့မရတာကတစ်မျိုးနဲ့ ဒုက္ခရောက်နေပြီ၊ ဒီနေရာမှာ တိုကိုကြီးအကြောင်းကို ရပ်ပြီး ကျွန်တော့်အကြောင်းကို ကျွန်တော်တွေးကြည့်တယ်။ ကိုကိုကြီးလို နောက်ဆုံးထွက်သက် ရောက်ခါနီးအချိန်မှာ ကျွန်တော်ဟာ ကိုကိုကြီးလိုဖြစ်ရင် ဘယ်လိုလုပ်မလဲ။ အလားတူပဲ ဒီအကြောင်းကိုဖတ်နေတဲ့ စာဖတ်ပရိသတ်တွေဟာလည်း ကိုကိုကြီးလို နောက်ဆုံးအချိန် မှာ ပြဿနာတက်နေရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အသိဟာ ကျွန်တော့်အတွေးထဲ ဝင်လာတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်စိတ်ပူတယ်။ စေတနာနဲ့ စိတ်ပူတယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေမှာ ဓလေ့တစ်ခု ရှိတယ်။ လူတစ်ယောက် သေခါနီးပြီဆိုရင် သေတော့မယ့်လူ က“တောင်ပြော၊ မြောက်ပြော လျှောက်ပြောနေပြီဆိုရင် ကယောင်ချောက်ချားတွေဖြစ်နေပြီဆိုရင် ဘေးက အသက်ရှင် နေတဲ့လူတွေက လုပ်လေ့ လုပ်ကြတယ်။ ဘာလဲဆိုတော့ ဘုရားကို အာရုံပြုခိုင်းတာရယ် ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှ တွေကို ပြန်စဉ်းစားခိုင်းတာရယ်၊ ဒီလိုအခြေအနေဟာ အသုဘ ဖြစ်တဲ့နေရာတိုင်းမှာ၊ သေဆုံးဖူးတဲ့နေရာတိုင်းမှာ ဖြစ်လေ့ရှိတယ်။ စောစောက ကိုကိုကြီးကို ဘေးကလူတွေ ပြောကြတဲ့ အသံတွေကို ကြားဖူးကြမှာပဲ။ ပြောတဲ့လူကတော့ သေတော့မယ့် အခြေအနေမျိုးရောက်သွားရင် အသံတွေကို အာရုံပြုနိုင်ပါမလား၊ စဉ်းစားစရာ ကုသိုလ်ကောင်းမှု ရှိရဲ့လား။ သီလဆောက်တည်မှုတွေရှိရဲ့လား။ ဗုဒ္ဓတရားတော်အတိုင်း လိုက်နာခဲ့တာတွေ ရှိရဲ့လား၊ သေခြင်းတရား မတည်မြဲတဲ့တရားတွေကို တကယ်သိရဲ့လား။သိတဲ့အတိုင်းရော တကယ်ကျင့်နိုင်ခဲ့ကြရဲ့လား။
တကယ်တော့ အဲဒီကိစ္စတွေဟာ ထူးထူးဆန်းဆန်းတွေ မဟုတ်ပါဘူး။ လောကထဲမှာ ရှိခဲ့ပြီးသား ရှိနေဆဲ ရှိနေဦးမယ့် သဘာဝတရားတွေပဲ။
အဲဒီသဘာဝတရားတွေကို လူသားတွေက လက်ခံ နိုင်ဖို့ပဲ လိုတာပါ။
ကျွန်တော်တို့ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာဘုရား ဟာ ကျွန်တော်တို့ ဝေနေယျတွေအတွက် စေတနာအပြည့်နဲ့ ဒီသဘောတရားတွေကို ဘဝပေါင်းများစွာ ရှာဖွေပြီး ထားခဲ့တာ။
သေတော့မယ့် ကိုကိုကြီးကိုကြည့်ပြီး `ဗုဒ္ဓမြတ်စွာ ဘုရားဟောခဲ့တဲ့ တရားတော်တွေနဲ့ စစ်တမ်းထုတ်ကြည့် လိုက်ရင် လူသားတိုင်းဟာ အဖော်မပါဘဲ လောကထဲကို တစ်ယောက်တည်းရောက်လာခဲ့ကြတယ်။ ပြီးတော့အဖော် မပါဘဲ တစ်ယောက်တည်း လောကထဲကနေ ပြန်ထွက်သွား ကြရတာချည်းပါပဲ။
“ငါ”လို့ ပြောခဲ့တာတွေ၊ "ငါ့ဟာ”လို့ ယူဆခဲ့တာ တွေဟာ ကိုကိုကြီးနောက်ကို တစ်ခုမှ ပါသွားမှာ မဟုတ်ပါဘူး။ အဲဒီ မပိုင်ဆိုင်မှုတွေကြောင့် မတည်မြဲမှုတွေကြောင့်ဖြစ်ရတဲ့ ဒုက္ခတွေ ကျွန်တော် မြင်လာတယ်။ ကျွန်တော် မြင်သလို ကိုကိုကြီး မြင်နိုင်ပါ့မလား။
ကိုကိုကြီးလိုပဲ ဒီသဘာဝတရားတွေကို မသိဘဲနဲ့ လောကထဲကနေ ထွက်သွားကြတာ ဘယ်နှစ်ယောက်လဲ။ ကိုကိုကြီးဆိုရင် ဒါတွေ တစ်ခုမှ သိသွားမှာမဟုတ်ဘူး။ သူ့ ပိုက်ဆံတွေ၊ သူ့အိမ်တွေ၊ သူ့ရဲ့ ခန္ဓာကိုယ်ပြေပြစ်စွာ ဖွဲ့စည်း ထားမှုတွေကို သူမပိုင်ဘူး၊ သူပိုင်ဆိုင်တာ ဘာမှမရှိဘူးဆို တာကို သူသိသွားရဲ့လား။
ဘယ်ဥစ္စာမှ မတည်မြဲဘူးဆိုတဲ့ သဘာဝကို သူလက်ခံ သွားသလား။ တကယ်တော့လည်း မတည်မြဲခြင်းတို့၊ ဒုက္ခတို့၊ ကိုယ်နဲ့မဆိုင်မှုတို့ ငါဆိုတာ မရှိမှုဆိုတာတွေတာ အစကတည်းက ရှိပြီးသားသဘာဝတွေပါ။
အဲဒီ သဘာဝတွေကို ကျွန်တော်တို့ ဘယ်လို့ သဘောထားကြမလဲ။
⬛🟥
ကျော်ဟိန်း
၁၉၈၈၊ ဇန်နဝါရီလ
ကျော်ဟိန်း၏ ရောင်စုံအပိုင်းအစများ
စာစီစာရိုက် - Google Lens
-----------------------------------------
Shared by Heain Minn Zar
Comments
Post a Comment